ထိုင်းတောင်ပိုင်း၊ ပတ္တနီခရိုင်ထဲမှာ မတ် ၂၃ ရက်က တရားမဝင်မြန်မာနိုင်ငံသားတွေ တင်လာတဲ့ကား ၅ စီး စစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းလို့ နောက်ကလိုက်လံဖမ်းဆီးခံရပြီး ၂ စီးဖမ်းမိကာ ၃ စီးလွတ်မြောက်သွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်လုပ်သားတွေတင်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့ အတွက် အဝေးပြေးလမ်းရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ဆေးဖို့စောင့်ကြပ်နေစဉ် နေ့လယ် ၂ နာရီလောက်မှာတော့ သတင်းရထားတဲ့ ဟိုင်းလပ်စ်ကား ၅ စီးက ထုန့်ယန်ဒဲန်းမြို့နယ်ထဲ မောင်းဝင်လာတယ်၊ ဒါပေမဲ့ စစ်ဆေးရေးဂိတ်မှာ ရပ်မပေးဘဲ အမြန်မောင်းထွက်သွားတယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။
ဒါ့ကြောင့် ရဲတွေက ကားနဲ့အနောက်ကနေလိုက်လံဖမ်းဆီးခဲ့တာမှာ ကားတွေဟာ တနေရာစီမောင်းထွက်သွားကြပြီး တချို့ကားတွေဟာ ရဲကားတွေကို ပွတ်တိုက်သွားကာ ကီလိုမီတာ ၃၀ လောက်လိုက်အပြီး ယာ့လားခရိုင် ရားမန်းမြို့နယ် တလိုလလောရပ်ကွက်ထဲမှာ အဖြူရောင်နဲ့ အနက်ရောင် အီဇူးစူးကား ၂ စီးကို ဖမ်းမိခဲ့တယ်။
ကားမောင်းသူမှာ မိုဟာမက် ပါရိုစနော(၂၀ နှစ်) နဲ့ အာစဟာ (၃၈ နှစ်)တို့ဖြစ်ပြီး ကားထဲမှာ တရားမဝင်မြန်မာနိုင်ငံသား ၁၁ ဦး ( ကျား ၉ ဦး + မ ၂ ဦး ) တို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ကားသမားတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ အဆိုပါမြန်မာတွေကို ဆုန်ခလာခရိုင် ဘန်ကလန့်မြို့နယ် ချလုံစက်မှုဇုံဘေးရှိတောစပ်ကနေ သွားကြိုလာကြောင်း ၊ ပွဲစားက ၁ ဦးလျှင် ဘတ် ၅၀၀၀ နှူန်းနဲ့ နာရာသီဝပ်ခရိုင် တာခ်ဘိုင်မြို့ထိပို့ပေးဖို့ပြောတာကြောင့် သဘောတူပြီး ခေါ်ဆောင်လာစဉ် အဖမ်းခံရတာလို့ ဆိုပါတယ်။
မြန်မာ ၁၁ ဦးကလည်း သူတို့ဟာ ပြည်တွင်းကတိုက်ပွဲတွေကိုရှောင်တိမ်းပြီး မလေးရှားနိုင်ငံကို ဆက်သွားဖို့ ပွဲစားကို တဦးလျှင် မလေးရှားရင်းဂစ် ၅၀၀၀ ( ထိုင်းငွေ ဘတ် ၃၅၀၀၀ ) ပေးပြီး လာခဲ့တယ်၊ ပွဲစားက သူတို့ကို တောလမ်းကနေခေါ်ဝင်လာတာ လမ်းမှာ ၃ ရက် ခြေကျင်လျှောက်ခဲ့ရတယ်လို့ပြောပါတယ်။
နောက်ထပ် ၃ စီးက ထွက်ပြေးလွတ်မြောက်သွားပေမဲ့ ကားအမျိုးအစား၊ အရောင်နဲ့ ကားနံပါတ်တွေကိုတော့ မှတ်ထားနိုင်တာကြောင့် ကားပိုင်ရှင်တွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
Source: MGR Online