ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က တိုက်ပွဲရှောင်နေရတဲ့ တောင်သူတွေ စိုက်ပျိုးသီးနှံတွေ မရိတ်သိမ်းနိုင်ဘဲ ဆုံးရှုံးကြရကြောင်း ဒေသခံ တောင်သူတွေက ပြောပါတယ်။
နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်ပွားတဲ့ နေရာဒေသက တောင်သူတွေ စစ်ဘေးရှောင်ကြရတာကြောင့် စိုက်ပျိုးသီးနှံတွေ မရိတ်သိမ်းနိုင်ဘဲ အကုန်ပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ တောင်သူ အမျိုးသမီးတဦးက ပြောပါတယ်။
“ဧက တော်တော်များတယ်။ ဂျုံတောင် နည်းနည်းမှ မရိတ်ရသေးဘူး၊ ထွက်ပြေးတိမ်းရှောင်လာကြတာ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်သီးဟင်းရွက်တွေရော အစုံ စီးပွားဖြစ်စိုက်တယ်လေ။”
ရေဝင်၊ သဲခေါ်၊ အုမ္မတီး၊ လမ်းခွဲ၊ ဆမ္မဆယ်၊ သုံးဆယ်၊ သရက်ရက်ကုန်းတွေဘက်မှာ တိုက်ပွဲဖြစ်ပွားပြီး တချို့ရွာကတော့ ပြန်လို့ရပေမဲ့ သရက်ကုန်းကတော့ အဆိုးဆုံးဖြစ်ကာ လုံးဝ ပြန်လို့မရဘဲ နေအိမ်တွေလည်း မီးလောင်ကုန်တယ်လို့ သူကပြောပါတယ်။
ရေဝင် ဒေသခံတဦးက “သရက်ကုန်းဘက်ကတော့ တိုက်ပွဲ အကြီးအကျယ်ပဲ။ ဘာကြံမှ မခုတ်နိုင်ဘူး။ လူဝင်လို့မှ မရတာ။ တချို့တွေ တခြံလုံး ပစ်ထားခဲ့ရတယ်။ သုံးဆယ်၊ ဆမ္မဆယ် ဘက်လည်း တိုက်ပွဲဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေက ရေဝင်၊ ဘန်ဘွေး၊ ညောင်ကုန်း စတဲ့ရွာတွေဘက်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပြီး တချို့ဒေသခံတွေက သဲတိုက်ဘက်လည်း ရှောင်ကြသလို လယ်တော၊ ယာတော ဘက်တွေမှာပဲ ရှောင်နေကြသူတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။
နောက်ထပ် ဒေသခံတောင်သူတဦးကလည်း “သရက်ကုန်းဘက်က ချင်း(ဂျင်း) စိုက်ခင်းတောင်မှ ခြံရှင်တဦးတည်း ၄/၅ ဧက စိုက်တယ်” လို့ ပြောပါတယ်။
နောင်ချိုမြို့နယ်မှာ တောင်သူတွေအများစုက တောင်သူတဦးကိုတောင် ဧက ၁၀ ချီ စိုက်ကြတာဖြစ်ပြီး ခရမ်းချဉ်သီး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဟင်းသီးဟင်းရွက် မျိုးစုံကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြသလို ဂျုံ၊ ပဲ၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ကြံ စတာတွေကိုလည်း နိုင်ငံခြားပို့ကုန် တင်ပို့တဲ့အဆင့်အထိ စိုက်ပျိုးထုတ်လုပ်တဲ့ နေရာဒေသဖြစ်ကာ တနှစ်ကို သုံးသီးစိုက်ပျိုးကြတာပါ။
၁၀၂၇ စစ်ဆင်ရေးကာလကစ ပြီးခဲ့တဲ့ ၃/၄ ရက်ခန့်အထိ နောင်ချိုမြို့နယ် နေရာဒေသတချို့မှာ စစ်ကောင်စီနဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။