Home
မြန်မာသတင်း
တွန်းဇန်ရဲစခန်းမှ နိုင်ကျဉ်း ၃ ဦးကို ချင်းပူးပေါင်းတပ်ဖွဲ့ ကယ်ထုတ်
DVB
·
May 24, 2024
toune 2452024

ချင်းပြည်နယ်၊ တွန်းဇန်မြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကယ်ထုတ်ခဲ့ပြီး စစ်ရှောင်အမျိုးသားတဦး ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့တယ်လို့ တွန်းဇန်မြို့ခံတွေက ပြောပါတယ်။

တွန်းဇန်စစ်ခုံရုံးကနေ ထောင်ဒဏ်တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ဦးကို မေ ၂၂ ရက်မှာ ချင်းပူးပေါင်းတပ်ဖွဲ့က တွန်းဇန်မြို့မရဲစခန်းကနေ ကယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ရဲစခန်းကနေ ကယ်ထုတ်ခဲ့တာပါ။ လုံခြုံတဲ့နေရာ ရောက်ကြပြီ။ အဆင်ပြေအောင် ထားထားပါတယ်” လို့ ပြောပါတယ်။

တွန်းဇန်တိုက်ပွဲအတွင်း စစ်ဘေးတိမ်းရှောင်ရသူတွေထဲက အမျိုးသားတဦး ဆေးဝါးကုသခွင့်မရဘဲ မေ ၂၂ ရက်မှာ သေဆုံးခဲ့တယ်လို့ တွန်းဇန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ကိုတာန်ပြားပြောင်ဟာ စစ်ဘေးတိမ်းရှောင်ရင်း ဖျားရာကနေ ဆေးဝါးကုသလို့မရဘဲ သေဆုံးခဲ့တာလို့ တွန်းဇန်ပကဖ တာဝန်ရှိသူက ပြောပါတယ်။ 

“တမြန်နေ့က ဆုံးတာပါ၊ သူက အသည်းရောဂါအခံရှိတယ်။ လေယာဉ်သံ ဗုံးသံကြားတော့ ကြောက်တုန်ပြီး စစ်ရှောင်‌နေတဲ့ တောကနေ ဆေးရုံအသွား လမ်းခုလတ်မှာ ဆုံးသွားတာ။” 

မေ ၂၀ ရက် ညနေက တွန်းဇန်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သားတွေ တီးတိန်မြို့ဘက်ကို ဆုတ်ခွာသွားတဲ့အတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024