ဒီဘီယာဟာ ရေဆိုးကိုသန့်စင်ပြီး ထုတ်ထားတယ်ဆိုတာ သိရင် မြည်းကြည့်ချင်စိတ် ရှိပါ့မလားတော့ မပြောတတ်ပေမဲ့ Reuse Brew ဘီယာကို ဂျာမနီမှာ ရေဆိုးက သန့်စင်ပြီး ထုတ်လုပ်ထားပါတယ်။
ထုတ်လုပ်သူတွေကတော့ ဒီဘီယာဟာ လုံးဝဘေးကင်းသလို အရသာလည်းရှိပြီး ဘီယာထုတ်လုပ်မှု နယ်ပယ်အတွက် ရေရှည်တည်တံ့တဲ့ အဖြေတခု ဖြစ်လာမယ်လို့ ညွှန်းထားပါတယ်။
ရေဆိုးကို လေးဆင့်တိတိ သန့်စင်ပြီးမှ ထုတ်တာဖြစ်ပါတယ်။ စက်ပိုင်း၊ ဇီဝပိုင်း၊ ဓာတုပိုင်း သုံးဆင့်မှာ အညစ်အကြေး အစုိင်အခဲမှန်သမျှ ဖယ်ရှားလိုက်သလို ပျော်ဝင်ပစ္စည်းတွေကိုလည်း အခဲအဖြစ် အသွင်ပြောင်းပြီး ဖယ်ရှားလိုက်နိုင်ပါတယ်။
နောက်ဆုံးအဆင့်မှာ အိုဇုန်းနဲ့သန့်စင်ပြီး ရေကို စစ်ထုတ်ပါတယ်။ လူကဖန်တီးလိုက်တဲ့ ညစ်ညမ်းစေတတ်တဲ့ ပစ္စည်းမှန်သမျှ ဒီအဆင့်မှာ ဖယ်ရှားလိုက်ပါတယ်။ အလှကုန်နဲ့ ပိုးသတ်ဆေးလို အရာတွေကို ဆိုလိုတာဖြစ်ပါတယ်။
အဲဒီနောက်မှာလည်း Reuse Beer အဖြစ် အသွင်မပြောင်းခင် နောက်ထပ်သန့်စင်မှုအဆင့်တွေ ထပ်လုပ်ပါသေးတယ်။
ဥပဒေအရ သတ်မှတ်ထားတဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ အရည်အသွေးထက်တောင် ပိုသန့်သွားစေတယ်လို့ အမေရိကန် ရေသန့်စင်နည်းပညာကုမ္ပဏီ Xylem က ထုတ်ပြန်ပါတယ်။
Reuse ဘီယာကို Xylem ကုမ္ပဏီ၊ မြူးနစ်နည်းပညာတက္ကသိုလ်နဲ့ ဂျာမနီနိုင်ငံ ဝိုင်ဆင်ဘာ့ဂျ်မြို့ တာဝန်ရှိသူတွေ ပူးတွဲဖန်တီးတာ ဖြစ်ပါတယ်။
မြူးနစ်က ကုန်စည်ပြပွဲမှာ မြည်းစမ်းကြည့်သူတွေကတော့ ပုံမှန်ဘီယာလိုပဲ အရသာရှိတယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ Reuse ဘီယာကို ဝယ်သောက်ချင်ရင်တောင် ဝယ်လို့ရဦးမှာ မဟုတ်ပါဘူး။ ခေတ်သစ် ရေသန့်စင်စနစ်တွေ ဘယ်လောက်ကောင်းသလဲဆိုတာ သရုပ်ပြဖို့ ထုတ်လုပ်ခဲ့တာသာ ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်း ရေသန့်ရှားပါးမှု ပြဿနာတွေ မကြာခဏ ကြုံတွေ့လာရတာကြောင့် ဒီလို ရေဆိုးကသန့်ထားတဲ့ ဘီယာမျိုးတွေ အနာဂတ်မှာ သောက်သုံးရဖို့ ရှိနေပါတယ်။
Source/Photo-Reuters