Home
နိုင်ငံတကာ
တရုတ်က ထိုင်ဝမ်ကျွန်းကိုပတ်ပြီး ဒုတိယနေ့အဖြစ် စစ်ရေးလေ့ကျင့်
DVB
·
May 24, 2024
ChinaMilitaryDrill_24052024

တရုတ်ပြည်မကြီးစစ်တပ်ဟာ မေ ၂၄ ရက်က ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ပြီး ဒုတိယနေ့အဖြစ် စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတသစ် လိုင်ချင်းတယ်ကို အပြစ်ပေးတဲ့အနေနဲ့ ကျွန်းကို အာဏာသိမ်းပြီး အဓိက နေရာတွေကို ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်လေ့ကျင့်တာလို့ ဆိုပါတယ်။

လိုင်ချင်းတယ် သမ္မတအဖြစ် ကျမ်းကျိန်ပြီး ၃ ရက်ပဲရှိသေးတဲ့အချိန်မှာ ထိုင်ဝမ်ရေလက်ကြားနဲ့ တရုတ်ကမ်းရိုးတန်းအနီးက ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ကျွန်းငယ်တွေကို ပတ်ပြီး တရုတ်ပြည်မကြီး တပ်တွေက စစ်ရေးလေ့ကျင့်နေတာ ဖြစ်ပါတယ်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဒေသဟာ တရုတ်ပြည်မကြီးအပိုင်သာ ဖြစ်တယ်လို့ ကွန်မြူနစ်အစိုးရက ရှုမြင်ထားပါတယ်။

သမ္မတသစ် လိုင်ကတော့ ပေကျင်းအနေနဲ့ ခြိမ်းခြောက်မှုတွေကို အဆုံးသတ်ဖို့၊ ထိုင်ဝမ်ရေလက်ကြား တဖက်တချက်စီဟာ ဘယ်သူ့လက်အောက်ခံမှ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။

“Joint Sword - 2024A” လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ပြည်မကြီးရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က လုပ်ဆောင်တာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကျွန်းပေါ်က တိုင်ပေ၊ ကောင်းရှန်၊ ဟွေ့လျန် မြို့တွေကို မြေပြင်၊ ဝေဟင်နဲ့ ရေပြင်ကနေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး မီးဟုန်းဟုန်းတောက်နေတဲ့အသွင် အန်နီးမေးရှင်းဗီဒီယိုကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ဝီချက်လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

ထိုင်ဝမ်တပ်တွေကလည်း အသင့်ပြင်ပြီး တရုတ်တပ်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေပါတယ်။

ဒုံးကျည်တွေတပ်ဆင်ထားတဲ့ အက်ဖ်-၁၆ ရဟတ်ယာဉ်တွေ ကင်းလှည့်နေပုံကို ထိုင်ဝမ်ဘက်ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်ဝမ်ဘက်က ထုတ်ပြန်ချက်အရ တရုတ်စစ်လေယာဉ် ၄၉ စင်း၊ ရေတပ်က စစ်ရေယာဉ် ၁၉ စင်း၊ ကမ်းခြေစောင့်တပ်က ၇ စင်း ပါဝင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

တရားဝင်မဟုတ်ပေမဲ့ နှစ်ဖက်စည်းခြားထားတဲ့ ထိုင်ဝမ်ရေလက်ကြား အလယ်စည်းကို ကျော်လာတဲ့ လေယာဉ် ၂၈ စင်းအထိ ရှိတယ်လို့ ထိုင်ဝမ်ဘက်က ထုတ်ပြန်ပါတယ်။

အခုအင်အားပြလေ့ကျင့်တာဟာ ၂၀၂၂ တုန်းက အလားတူ စစ်ရေးလေ့ကျင့်မှုနဲ့ ယှဉ်ရင်တော့ သေးငယ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါပေမဲ့ မတော်တဆဖြစ်တာ၊ အတွက်မှားတာမျိုးကနေ အခြေအနေ ရှုပ်ထွေးမှာကိုတော့ စိုးရိမ်ရဆဲ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013