ပေါက်ကွဲအားပြင်းပြီး ၁၀ မိုင်အထိ ပစ်လွှတ်နိုင်တဲ့ Matupi Rocket - 1 (MR 1) လို့ အမည်ပေးထားတဲ့ တာဝေးပစ်ဒုံးကို မေ ၂၂ ရက်မှာ အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီလို့ CDF မတူပီ (တပ်မဟာ ၁) ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။
“ပစ်မှတ်တည့်အောင်နဲ့ ပေါက်ကွဲအားပြင်းဖို့ ထပ်ပြီးတော့ စမ်းသပ်နေတာ။ အခု အားလုံး အဆင်ပြေသွားပါပြီ။ ဇန်နဝါရီလက စတင်လိုက်တဲ့ စမ်းသပ်မှုဟာ အခု မေလဆိုတော့ စမ်းသပ်ကာလ ၃ လနီးပါး ကြာမြင့်ခဲ့ပါတယ်။ အခုမှ ထုတ်ဖော်ပြသရတာဟာလည်း စမ်းသပ်မှုကို အနှောင့်အယှက် မဖြစ်စေလိုတဲ့အတွက်ကြောင့် စိတ်ချရတဲ့ အခုလို အနေအထားရောက်မှ ထုတ်ဖော်ပြသရတာ။”
CDF မတူပီ (တပ်မဟာ ၁) က ကိုယ်ပိုင်ထုတ်လုပ်လိုက်တဲ့ တာဝေးပစ်ဒုံးဟာ ၁၀ မိုင်အထိ ရောက်အောင် ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
CDF မတူပီ (တပ်မဟာ ၁) ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကလည်း “အခု MR 1 တာဝေးပစ်ဒုံး ထုတ်လုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ကျနော်တို့ရဲ့ စစ်အာရှင်တော်လှန်ရေးရဲဘော်တွေ ထိခိုက်၊ ကျဆုံးမှု နည်းနိုင်သမျှ နည်းအောင်နဲ့ ရန်သူကို အဝေးကနေပစ်ခတ်ဖို့ ရည်ရွယ်ထုတ်လုပ်လိုက်တာပါ။ MR 1 တာဝေးပစ်ဒုံးတွေကို ရာနဲ့ချီပြီး ထုတ်လုပ်နိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
Video .... CDF မတူပီ - တပ်မဟာ (၁)