Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ကို တိုင်ကြားသည့်အမှု ဖွဲ့စည်းပုံခုံရုံး လက်ခံ
DVB
·
May 24, 2024
ThaiPM Srettha Thavisin_24052024

အကျဉ်းကျမှတ်တမ်းရှိတဲ့သူတဦးကို ဝန်ကြီးအဖြစ် ခန့်တဲ့အတွက် ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင်ကို ရာထူးကဖယ်ရှားပေးဖို့ လျှောက်ထားမှုကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လက်ခံလိုက်ပါတယ်။

ဒါပေမဲ့ ကြားနာစဉ်ကာလအတွင်း ဝန်ကြီးချုပ်ကို ရာထူးက ဆိုင်းငံ့ထားဖို့ ကိစ္စကိုတော့ ပယ်ချခဲ့ပါတယ်။

ရာထူးဆိုင်းငံ့ဖို့ကိစ္စကို တရားသူကြီး ၉ ဦး မဲခွဲဆုံးဖြတ်ရာမှာ ၅ မဲ - ၄ မဲနဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ကခန့်တဲ့ အထက်လွှတ်တော်အမတ် ၄၀ ရဲ့ တိုင်ကြားလွှာကို လက်ခံဖို့ သင့်မသင့် မေ ၂၃ ရက်မှာ ကြားနာခဲ့ပြီး ၆ မဲ - ၃ မဲနဲ့ လက်ခံဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဝန်ကြီးချုပ်အနေနဲ့ ၁၅ ရက်အတွင်း ဖြေရှင်းချက် တင်သွင်းရမှာ ဖြစ်ပါတယ်။

ဂျပန်ရောက်နေတဲ့ ဝန်ကြီးချုပ်က တရားရုံးဆုံးဖြတ်ချက်ကို လေးစားကြောင်းနဲ့ ခုခံချေပဖို့ သူ့ဥပဒေအဖွဲ့နဲ့ တိုင်ပင်မှာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

စွဲချက်ရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဖိချစ်ချိန့်ဘန်းကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက ရာထူးက နုတ်ထွက်သွားပြီဖြစ်တဲ့အတွက် ဖယ်ရှားဖို့ရာ စဉ်းစားဖို့ မလိုတော့ဘူးလို့ ၈ မဲ - ၁ မဲနဲ့ ခုံရုံးက ဆုံးဖြတ်ပါတယ်။

ဖိချစ်ဟာ ဝန်ကြီးချုပ်ဆေထားရဲ့ အကြံပေးလုပ်ခဲ့ဖူးသလို ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ရှေ့နေအဖြစ်လည်း လိုက်ပါဆောင်ရွက်ဖူးပါတယ်။

အဲဒီတုန်းက တရားရုံးချုပ်ကို လာဘ်ပေးဖို့ ကြိုးစားခဲ့ဖူးတယ်ဆိုပြီး ထောင်ကျခဲ့ဖူးပါတယ်။

ဘတ် ၂ သန်း ငွေသားပါဝင်တဲ့ စက္ကူအိတ်နဲ့ထည့်ထားတဲ့ ထမင်းဘူးကို တရားရုံးချုပ် အရာရှိတွေကို ပေးဖို့ ကြိုးစားခဲ့ဖူးတယ်ဆိုပြီး ပီချစ်နဲ့ တခြား ၂ ဦးကို ထောင် ၆ လစီ ချခဲ့ဖူးပါတယ်။

ဒီကိစ္စကိုအခြေပြုပြီး ဝန်ကြီးတွေဟာ ကျင့်ဝတ်နဲ့မညီရင် ရာထူးက ရပ်စဲရမယ်ဆိုတဲ့ အခြေခံဥပဒေပုဒ်မအရ တိုင်ကြားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဆေထာ ကတော့ အစိုးရရဲ့ တရားရေးအကြံပေးဖြစ်တဲ့ နိုင်ငံတော်ကောင်စီကနေ ဥပဒေအကြံတောင်းခံပြီးမှ ဖိချစ်ကိုခန့်တာလို့ ခုခံထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013