Home
ဆောင်းပါး
နွေဦးတော်လှန်ရေးတွင် ကြေးစားမဟုတ်သည့် နိုင်ငံခြားသားစစ်သားများ ပူးပေါင်းပါဝင်လာ
DVB
·
May 24, 2024
Article03_24052024

မြန်မာနိုင်ငံမှာ အကြောက်တရားပေးပြီး လုပ်ချင်တာလုပ် အုပ်ချုပ်ဖို့ အကြိမ်ကြိမ် စစ်အာဏာသိမ်းမှုတွေမှာ နောက်ဆုံး အာဏာသိမ်းမှုက ၃ နှစ်ကျော် ရှိလာခဲ့ပါပြီ။ ဒီတခါ အာဏာသိမ်းမှုမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုလို့ အကြမ်းဖက်သတ်ဖြတ်မှုတွေ လုပ်ခံရတော့ အရင်အရေးအခင်းတွေထက် ပိုပြီး တော်လှန်ပုန်ကန်မှုတွေ ဖြစ်တည်လာတာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင် မထင်ခဲ့ဘူးလို့ တုန်လှုပ်စွာ ဝန်ခံခဲ့ရပြီးပါပြီ။

စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရင်းမြစ်ဖြစ်တဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ဂိတ်အများစုလည်း ဒီနေ့အချိန်အခါမှာ တော်လှန်သူရဲကောင်းတွေ ထိန်းချုပ်နယ်မြေ ဖြစ်ကုန်သလို တနိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာလည်း စစ်ကောင်စီ ထိန်းချုပ်မှုအောက်က လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေလိုချင်ခဲ့တဲ့ ပြည်သူ့အတွက် မသေထမင်း မသေဟင်းအဆင့်၊ ပညာရေးမှာလည်း ရေးတတ်ဖတ်တတ် တော်ပြီဆိုတဲ့ အဆင့်မျိုးတွေကို မသိနားမလည်သူတွေက ကိုယ့်ထမင်း ကိုယ်ရှာစားရတာ ဘယ်သူမှ လာမကြွေးဘူးပြောပြီး တော်လှန်ရေးကို  အပြစ်တင်ခဲ့ကြတာတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ၂၁ ရာစုဖွား Gen Z တွေရဲ့ အသိဉာဏ်တွေက ခေတ်ပြောင်းသွားပြီ။ ငါတို့ခေတ်မှ အပြတ်မတော်လှန် ခေတ်အဆက်ဆက် စစ်ဖိနပ်အောက်မှာပဲ မသေထမင်း၊ မသေဟင်း စားရတော့မယ်ဆိုတာ သိကြတယ်။ နိုင်ငံတကာမပြောနဲ့ အိမ်နီးချင်း နှုတ်ခမ်းပဲ့ချင်း မီးမှုတ်အဆင့်လောက်ရှိတဲ့ နိုင်ငံတွေနဲ့တောင် လူသားအခွင့်အရေးမှာ အဝေးကြီး နောက်ကျန်နေခဲ့ရတာကို သူတို့လေးတွေ သိကြတယ်။ ဒီတော့ လူငယ်တွေအားလုံးရင်ထဲ ဒီစစ်အာဏာရှင် စနစ်ဆိုးကြီးကို အမြစ်ဖြတ်တိုက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ လက်နက်ကိုင်လမ်းစဉ် ကိုင်ဆွဲလို့ တောခို၊ စစ်ပညာတွေ သင်ကြားရင်း ခေတ်မီတပ်မတော်ကြီးဆိုတဲ့ မင်းအောင်လှိုင်တပ်တွေကို အလံဖြူဆောင်၊ ထွက်ပြေးရတဲ့ အဆင့်ရောက်အောင် တိုက်နိုင်တဲ့အခြေအနေကို ရောက်လာပါပြီ။

ငါတို့မြို့၊ ငါတို့အိမ်တွေ မီးလောင်ရတာ ဗုံးကြဲတဲ့ စစ်မိစ္ဆာတွေကြောင့်မဟုတ်၊ တိုက်ပွဲဖြစ်အောင် မြို့နာအောင် သူပုန်ထတဲ့သူတွေကြောင့်လို့ သွေးထိုးထားတဲ့ မှိုင်းမိနေသူတွေလည်း ရှိကြတာပါပဲ။ မြင့်မိုရ်တောင် ဆီးစေ့နဲ့ သွားပေါက်လို့ မရဘူးဆိုပြီး ကျွန်စိတ်နဲ့ ငုံ့ခံ လည်စင်းပေးနေသူတွေဆိုတာ တချိန် တော်လှန်ရေးအင်အားစုဘက်က သာပြီဆိုတာနဲ့ ဘက်ကူးမယ့်သူတွေဖြစ်လို့ ထည့်ပြောမနေတော့ပါဘူး။ တော်လှန်ရေးမှာ Moti ပေးနိုင်မယ့် အကြောင်းကသာ သန္ဓေမှန်တဲ့ တော်လှန်စိတ်ရင်းဖြစ်မယ် မဟုတ်ပါလား။ ဒီတော့ ကျနော်တို့ တော်လှန်ရေးမှာ အာဆီယံက ပလစ်ထားတယ်။ အမေရိကန်အပါ ကမ္ဘာကပါ လေတလုံးမိုးတလုံး ဒီမိုကရေစီဗန်းပြပြီး ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ ပိတ်ဆို့အရေးယူပါတယ် ဆိုတာထက် မပိုတဲ့ အာဘော်တွေကိုလည်း ဒီနေ့ခေတ် Gen Z တွေက အားမကိုးကြတော့ပါဘူး။ တော်လှန်ရေးအစက လေးခွနဲ့တော်လှန်၊ ယမ်းထောင်းထည့်ပြီးမှ တချက်ပစ်ရတဲ့ တူမီးသေနတ်တွေနဲ့ စစ်ကောင်စီတပ်ကြီးတွေကို ရွာမှာရှိသမျှ လူကုန် တော်လှန်တိုက်ခိုက်လာရာက ၃ နှစ်ဆိုတဲ့ အချိန်အတွင်း မင်းအောင်လှိုင်နဲ့ အပေါင်းအပါတသိုက် ကမ္ဘာ့စစ်မိစ္ဆာ ပူတင် ကိုတောင် ဒူးထောက်တောင်းပန်ပြီး အကူအညီ တောင်းနေရတဲ့ဘဝ ရောက်လာတာဟာ တော်လှန်ရေး တပိုင်းတစ အောင်မြင်တာမျိုးထက် သေချာပေါက် အောင်မြင်မယ့် လမ်းတဝက်ကျော်ကို ချီတက်လာနိုင်တာလို့ ဆိုရပါမယ်။

ဒီကနေ့ နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာ အစိုးရတွေက ထဲထဲဝင်ဝင် ကူညီဖို့၊ ပေါ်ပေါ်တင်တင် တော်လှန်ရေးကို ကူညီတာမျိုး သိပ်မရှိသေးပါဘူး။ ဒါပေမဲ့ ဓမ္မနဲ့ အဓမ္မ စစ်ပွဲကို လက်ပိုက်ကြည့်မနေနိုင်လို့ ကိုယ့်သဘောနဲ့ကိုယ် နွေဦးတော်လှန်ရေးထဲ ကိုယ့်စရိတ်နဲ့ကိုယ် လာတိုက်ပေးနေတဲ့ ဗြိတိန်နဲ့ အမေရိကန်က စစ်သူရဲတွေ ရှိနေပြီ ဆိုတာကတော့ သေချာနေပြီမို့ အားလုံး Moti တွေ ထပ်မြင့်တက်ရပါပြီ။

အယ်လ်ဂျာဇီးယားသတင်းဌာနမှာ မြန်မာ့အရေးကို Lorcan Lovett က ရေးသားပြီး မေ ၁၇ ရက်မှာ ဖော်ပြသွားတဲ့ သတင်းအရ ဗြိတိန်စစ်သားဟောင်းနဲ့ အမေရိကန်ဖိုက်တာတယောက် အပါ ပြည်ပက စစ်ရေးကျွမ်းကျင်သူတစု နွေဦးတော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေပြီ ဆိုတဲ့အကြောင်း သိလိုက်ရပါတယ်။ သူတို့ကိုယ်သူတို့ ရုရှားမှာ ပူတင်မွေးထားပြီး ပြန်လုပ်ကြံလိုက်တဲ့ ဝက်ဂ်နာအုပ်စု စစ်တပ်ခေါင်းဆောင် ပရီဂိုဇင်လို ကြေးစားစစ်သားလို့ မခံယူထားကြဘူး။ မြန်မာနိုင်ငံက တော်လှန်လူငယ် Gen Z တွေကို လေးစားအတုယူ အားကျလို့ စေတနာ့ဝန်ထမ်းစစ်သား (volunteers) တွေအဖြစ်နဲ့ပဲ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ဝင်တိုက်ပေးနေကြောင်း ပြောသွားကြတဲ့အတွက်လည်း Gen Z တို့အတွက် ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ သူတို့ ဘာကိုအားကျ လေးစားရတာလဲ ဆိုတာကို ပြောတော့ မှောင်မိုက်တဲ့ တောတောင်တွေထဲက တော်လှန်လူငယ်တွေရဲ့ အကြောက်တရားမဲ့တဲ့ မျက်လုံးတွေတဲ့။ ဘယ်စစ်မြေပြင်မှာမှ မကြုံတွေရဘူးတဲ့ သေမှာ တစက်မှ မကြောက်ကြတဲ့ မျက်လုံးတွေ၊ စိတ်ဓာတ်တွေကို လေးစားမဆုံး ဖြစ်ရတာတဲ့။

တကယ်တမ်းဆို ပြည်ပရန်စွယ် မရှိနိုင်ပေမဲ့ သူတို့အာဏာတည်မြဲရေးအတွက် နိုင်ငံ ဘဏ္ဍာတွေကို အလွန်အကျူးသုံးစွဲပြီး ကိုယ်ကျိုးရှာ၊ စစ်လက်နက်တွေ ဝင်ယူပြင်ဆင်ထားတဲ့ မင်းအောင်လှိုင် စစ်တပ်ဟာ အရှေ့တောင်အာရှမှာ လက်နက်အင်အား တော်တော်တောင့်တင်းတဲ့တပ်လို့ လက်ခံထားကြတယ်။ ဒီတပ်ကြီးကို နွေဦးတော်လှန်ရေး မတိုင်ခင် ကျောင်းသားလေးတွေအဖြစ်သာ ဘဝကို ဖြူစင်စွာ ဖြတ်သန်းခဲ့ကြတဲ့ Gen Z နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ပူးပေါင်းတော်လှန်နေမှုကြီးက ဒီနေ့အတိုင်းအတာ ရောက်လာတာကို ဗြိတိန်စစ်သားကြီးတောင် အံ့ဩမဆုံး ဖြစ်ခဲ့ရတယ်။

နာမည်ဝှက် ဂျေဆင်လို့ သုံးထားတဲ့ ဗြိတိန်စစ်သားဟောင်းဟာ ၂၀၀၉ ခုနှစ်ကစပြီး ဗြိတိန်ခြေလျှင်တပ်ရင်းမှာ ၄ နှစ်ကြာ စစ်မှုထမ်းခဲ့သူပါ။ အာဖဂန်နစ္စတန်လို တာလီဘန်တွေနိုင်ငံမှာ ၇ လ တာဝန်ကျဖူးတယ်။ ပြီးခဲ့တဲ့ ဧပြီလက ဂျေဆင် တယောက် မြန်မာပြည်အရှေ့ခြမ်းက PDF တပ်တွေနဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ ၈ ပတ်ကြာ နေခဲ့ပြီးမှ အင်္ဂလန်ကို ခဏပြန်သွားခဲ့တယ်။ တော်လှန်လူငယ်တွေအကြောင်း ဂျေဆင်က ဒီလိုပြောသွားတယ်။ “အတူတူ လေ့ကျင့်ခဲ့တယ်။ တိုက်ပွဲဝင်ခဲ့တယ်။ ဒီလူငယ်တွေက သေဖို့ အသင့်ပဲ။ စစ်ကောင်စီကို ဆန့်ကျင်မှုမှာ လက်ထဲ ဘာမှမရှိလည်း တိုက်ရင်း သေဖို့ အသင့်ရှိကြတယ်။ တခြား ကမ္ဘာ့နေရာတွေမှာ ကျနော် တိုက်ပွဲအတွေ့အကြုံတွေ ရှိခဲ့ပေမဲ့ လူတိုင်းမှာ ကြောက်စိတ်ရှိတာ မြင်ရတယ်။ မြန်မာက တော်လှန်လူငယ်တွေရဲ့ ရဲရင့်မှုကတော့ လုံးဝ အကြောက်တရား မရှိတာပါပဲ” လို့ကို ဂျေဆင်က အံ့ဩတကြီး ချီးကျူးသွားတာပါ။

မြန်မာနိုင်ငံတဝန်း တော်လှန်ရေးတိုက်ပွဲမှာ ရက်စက်တဲ့ စစ်ကောင်စီက ပြည်သူ တော်လှန်သူ မခွဲခြားဘဲ ရုရှားထုတ် လေယာဉ်တွေနဲ့ ရွာတွေကို ဗုံးကြဲသတ်ဖြတ်နေခဲ့တာ မနည်းတော့ပါဘူး။ အရှင်မိတဲ့ PDF တွေကို မီးရှို့သတ်တာ၊ ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်တာတွေလည်း မနည်းမနောဖြစ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့တွေက စစ်ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ဖို့ သက်သေတွေ စုဆောင်းရယူနေတယ်။ အာဏာသိမ်းပြီးမှတောင် တော်လှန်လူငယ်တွေရန်ကို ဖြိုခွင်းဖို့ ရုရှား၊ တရုတ်၊ အိန္ဒိယတို့ဆီက လက်နက်တွေကို ဒေါ်လာဘီလီယံချီသုံးပြီး ဝယ်ယူခဲ့တဲ့ စစ်ကောင်စီဟာ ဒီကနေ့ စစ်မျက်နှာပြင်တိုင်းလိုလိုမှာ ခွက်ခွက်လန် ရှုံးနေပါပြီ။

တကယ်တမ်းပြောရရင် မြန်မာနိုင်ငံဟာ ယူကရိန်းတို့ ဆီးရီးယားတို့မှာလို တွန်းလှန်စစ်ပွဲတွေမှာ ပြည်ပက စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေးသမားတွေ အများအပြား လာရောက်ပူးပေါင်းတဲ့ အတွေ့အကြုံမျိုး မရှိပါဘူး။ နိုင်ငံတွင်း တော်လှန်အင်အားစုတွေ ကြားမှာတောင် မပေါင်းစည်းနိုင်ဘဲ တကွဲတပြား တိုက်ခိုက်နေကြမှုတွေလည်း ရှိနေဆဲပါ။ ဒီလိုအခြေအနေကမှ မတရားမှု၊ ဒီမိုကရေစီ အနိုင်ကျင့်ခံရမှုအတွက် မခံမရပ်နိုင်လို့ တော်လှန်အင်အားစုဆီ ကိုယ့်စရိတ်နဲ့ကိုယ် လာတိုက်ခိုက် သင်ကြားပေးနေတဲ့ နိုင်ငံခြားသား အုပ်စုငယ်တွေ ရှိလာနေပြီလို့ ဂျေဆင်က သက်သေပြုတယ်။ ဘယ်နှစ်ယောက်လဲ။ ဘယ်ဒေသမှာ တိုက်ပွဲဝင်သလဲ ဆိုတာကိုတော့ လုံခြုံရေးအခြေအနေတွေအရ အယ်လ်ဂျာဇီးယားသတင်းမှာ ထည့်မရေးထားဘူး။ မြန်မာပြည်အရှေ့ပိုင်းဒေသမှာ ဂျေဆင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရိုက်ထားတဲ့ ဓာတ်ပုံတခုကိုလည်း သက်သေပြတယ်။ အတိအကျမပြောလိုတာက သူတို့နိုင်ငံ တည်ဆဲဥပဒေတွေအရ မြန်မာ့အရေး သွားရောက်တိုက်ခိုက်ပေးခြင်းဟာ တရားမဝင်ဖြစ်လို့လည်း ဖုံးဖိသင့်တာတွေ ဖုံးဖိထားတာပါ။

ဂျေဆင်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို စစ်ရေးအတွေ့အကြုံမရှိဘဲ ယူကရိန်းအထိသွားပြီး ဝင်တိုက်ပေးကြတဲ့ နိုင်ငံခြား စေတနာ့ဝန်ထမ်း စစ်သားတွေလို အဖြစ်မျိုး မြန်မာပြည်မှာ မဖြစ်စေချင်ဘူး။ “မြန်မာတော်လှန်အင်အားစုတွေက ယူကရိန်းမှာလို ပြည်ပကနေ အတွေ့အကြုံမရှိဘဲ ရူးရူးမိုက်မိုက် လာဝင်တိုက်ပေးတာမျိုးဖြစ်မှာ စိုးရိမ်ကြတယ်။ ဒါကြောင့် ကျနော်လည်း တော်လှန်တပ်ဖွဲ့တဖွဲ့မှာ အတူ ညှိနှိုင်းပူးပေါင်းပြီး အိုးစားဖက်အဖြစ်နဲ့ ပါဝင်တိုက်ခိုက်ခဲ့တာပါ။ ဒီတော်လှန်ရေးအောင်ဖို့ စစ်ရေးအတွေ့အကြုံတွေ လိုအပ်တယ်’’ လို့ ပြောသွားတယ်။

အခု ဂျေဆင်ပြန်သွားတာက ယူကေ၊ အမေရိကန်၊ ကနေဒါနဲ့ ဩစတြေးလျက စစ်ပြန်ဟောင်း ၆ ယောက်ကနေ ၁၀ ယောက်အထိပါတဲ့ အဖွဲ့ဖွဲ့ပြီး မြန်မာ့တော်လှန်ရေးအင်အားစုတွေဆီ ပြန်လာပေါင်းဖို့ အစီအစဉ်ကြောင့်လို့ ဆိုတယ်။ မြန်မာနိုင်ငံက လူတိုင်း လွတ်လပ်မှုနဲ့ ဒီမိုကရေစီ လိုချင်နေကြမှုမှာ မတူညီတဲ့ နိုင်ငံ ၄ ခုက အတွေ့အကြုံရင့် စစ်ပြန်တွေ သင်ကြားလမ်းညွှန်မှုကနေ အောင်ပွဲရဖို့ ရည်ရွယ်ကြောင်း ဂျေဆင်က ဆိုတယ်။ သူပြောသွားပုံကလည်း ရှင်းတယ်။ ခရစ်ယာန်သာသနာပြု မစ်ရှင်သဘောမျိုး၊ အဖြူရောင် ကယ်တင်ရှင်တွေအဖြစ်နဲ့ မြန်မာ့တော်လှန်ရေးထဲ ဝင်မလာဘူး။ ကိုယ့်အဖွဲ့ကိုယ်ဖွဲ့ပြီး ကိုယ့်စနစ်နဲ့ကိုယ် အလုပ်လုပ်ရင်း ကူညီအားဖြည့်သွားမှာလို့ ပြတ်သားစွာပြောတယ်။ လွတ်လပ်ဖို့ အလုပ်လုပ်ရမယ်။ အချိန်ယူရမယ်လို့ ဆိုတယ်။

တောင်ထူထပ်ပြီး ဝေးလံသီခေါင်တဲ့ ချင်းပြည်နယ် တောင်တန်းတွေပေါ်မှာလည်း စစ်မိစ္ဆာ မင်းအောင်လှိုင်တပ်တွေကို တိုင်းရင်းသားတွေ၊ လူငယ်တွေက ရရာလက်နက်စွဲကိုင် တော်လှန်နေကြရတာပါပဲ။ အိန္ဒိယနယ်စပ် ချင်းမြို့တမြို့မှာ PDF Zoland တော်လှန်တပ်ဖွဲ့နဲ့အတူ မေ ၁၁ ရက်နေ့က ဓာတ်ပုံတွဲရိုက်ထားတဲ့ နိုင်ငံခြားသား စစ်သား ၂ ဦး ဓာတ်ပုံလည်း တွေ့ရတယ်။ တယောက်က အမေရိကန်တောင်ပိုင်းသား အာဇတ်၊ နောက်တယောက်က နာမည်မဖော်ပြ၊ မှတ်ချက်တစုံတရာမပေးတဲ့ ဗြိတိန် စေတနာ့ဝန်ထမ်း စစ်သည်တယောက်။ အာဇတ်က စနိုက်ဘာသင်တန်းပေးသလို ခြေလျှင်တပ် စစ်ရေးလေ့ကျင့်မှု၊ ကင်းထောက်မှုတွေကို စနစ်တကျ သင်ပေးသူဖြစ်တယ်။ အယ်လ်ဂျာဇီးယားနဲ့ ဖုန်းဆက်ပြောဆိုမှုမှာ ချင်းပြည်နယ်က မြို့တော်တော်များများကို စစ်ကောင်စီတပ်တွေ စွန့်ခွာထွက်ပြေးနေရလို့ အနှေးနဲ့အမြန် လူနေထူထပ်တဲ့ မြို့ကြီးတွေ အားလုံးပါ ထိန်းချုပ်နိုင်တော့မယ်လို့လည်း ပြောခဲ့တယ်။ အာဇတ်က ဆီးရီးယားမြောက်ပိုင်း ကာဒစ်ရှ်တပ်ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မှာ စေတနာ့ဝန်ထမ်း စစ်သားအဖြစ် ၄ နှစ် တာဝန်ယူခဲ့ဖူးသူပါ။ ၂၄ နှစ်ပဲ ရှိသေးတယ်။ အမေရိကမှာ စစ်သားအစစ်တော့မဟုတ်ဘဲ ကော်ဖီဆိုင်မှာသာ အလုပ်လုပ်ခဲ့ပေမဲ့ သူ့လို မြန်မာ Gen Z တွေရဲ့ တော်လှန်မှုမှာ ပူးပေါင်းပါဝင်ချင်လို့ ရောက်လာကြောင်း ပြောတယ်။ PDF တပ်မှူးက သူ့ထက် အသက်နည်းနည်းပဲ ပိုကြီးပြီး အများစုသော တော်လှန်ရေးစစ်သားတွေက လက်နက်မကိုင်ခင် ကျောင်းသားလူငယ်တွေသာ ဖြစ်တယ်လို့လည်း ပြောပြကြောင်း ဖုန်းထဲမှာ ရှင်းပြတယ်။ ယူကရိန်းကို ရုရှား ကျူးကျော်တိုက်ခိုက်တော့လည်း မခံချင်စိတ်နဲ့ လုပ်အားပေးစစ်သားအဖြစ် ဝင်တိုက်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိတယ်။ စစ်ကောင်စီနဲ့ ရုရှားတပ်တွေ အပြန်အလှန် လက်နက်ထောက်ပံ့မှုတွေ လုပ်နေခြင်း၊ ရုရှားစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ဖယ်ခုံမြို့ မြန်မာရှေ့တန်းအထိ လာရောက် သင်တန်းပို့ချခြင်းတွေအကြောင်း အာဇတ်က ရှင်းပြတယ်။ စစ်ကောင်စီကြောင့် မြန်မာနိုင်ငံတဝန်းလုံးမှာ ဒုက္ခရောက်နေရတဲ့ ပြဿနာ ဆိုတာက တခုတည်းဖြစ်တယ်။ ချင်းပြည်ကို သူရောက်တာ ၃ လရှိပြီဖြစ်ကြောင်းနဲ့ နောက်ထပ် နိုင်ငံတကာ စေတနာ့ဝန်ထမ်း စစ်သည်တွေလည်း ထပ်တိုးရောက်ရှိလာပြီး ကျေးလက်ကစတဲ့ တိုက်ပွဲတွေဟာ မြို့ပြတိုက်ပွဲအဆင့်ကို ဖော်ဆောင်လာနိုင်နေပြီလို့လည်း ပြောဆိုသွားပါတယ်။

“နယ်မြေထိန်းချုပ်သိမ်းပိုက်နိုင်မှု တနိုင်ငံလုံး အတိုင်းအတာမှာ များလာလေလေ စစ်ရေးထောက်ပို့လမ်းကြောင်း ပိုကောင်းလာလေလေ ပြည်ပက စေတနာ့ဝန်ထမ်းစစ်သားတွေ ပါဝင်လာနိုင်မှု ပိုများလေလေ ဖြစ်လာမှာပါ။ မြန်မာနိုင်ငံက တော်လှန်ရေးဟာ စစ်ကောင်စီကို ဖြုတ်ချပြီး ဆိုရှယ်လစ်စနစ်ကို ပြန်သွားမှာ မဟုတ်ပါဘူး။ ၂၁ ရာစုဖွား လူငယ်တွေရဲ့ အသွေးအသားထဲမှာ သွားမယ့်လမ်းက တလမ်းတည်း အတူတူပါပဲ။ နှစ်တိုလေးအတွင်း လေ့လာသင်ကြားရင်း တော်လှန်ရာက စစ်အာဏာရှင်တပ်တွေ တပ်ဆုတ်ပြေးရတဲ့အဆင့် ရောက်လာတာဟာ တကယ့် လေးစားအားကျဖို့ကောင်းတဲ့ တော်လှန်ရေးဖြစ်စဉ်လို့ မြင်တယ်” လို့ အာဇတ်က ပြောသွားတယ်။

မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်ခြမ်းမှာလည်း ၁၉၉၀ ပြည့်လွန်နှစ်ကတည်းက တောတွင်း လာရောက်နေထိုင်ပြီး တော်လှန်အင်အားစုတွေအတွက် အကူအညီပေးနေတဲ့ ခရစ်ယာန် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ Free Burma Rangers လည်း ဒီနေ့အထိ ရှိပါတယ်။ စစ်တပ်ကို ကရင်လက်နက်ကိုင်အဖွဲ့တွေ တွန်းလှန်မှုမှာ စစ်ဝင်တိုက်တာ မဟုတ်ဘဲ စစ်ဘေးရှောင်တွေ၊ တော်လှန်တပ်သား အသိုင်းအဝိုင်းတွေ၊ လူ့အခွင့်အရေးချိုးဖောက် အနိုင်ကျင့်ခံရသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးဖို့သာ ရည်ရွယ်လို့ ပြည်ပ စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့ပါ။ အန္တရာယ်များလွန်းတဲ့ ကူညီစောင့်ရှောက်မှုတွေ ပေးရတာဖြစ်လို့ တချို့သော တပ်ဖွဲ့ဝင်တွေကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်သာ လက်နက်ကိုင်ထားတာလို့ ထူထောင်သူ အမေရိကန်အထူးတပ်ဖွဲ့ဝင်ဟောင်း David Eubank က ပြောဆိုထားဖူးတယ်။

ဘာပဲဖြစ်ဖြစ် အခြေအနေအရပ်ရပ်ကတော့ NUG, PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်အဖွဲ့တွေ စစ်ရေးအောင်နိုင်မှု အများအပြား ရလာခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ အသီးအပွင့်တွေ မဟုတ်ပါလား။ အခု ဒီထက်ပိုကောင်းတဲ့ အသီးအပွင့်အဖြစ် နိုင်ငံတကာက စေတနာ့ဝန်ထမ်း စစ်သားတွေပါ လာရောက်သင်ကြား၊ ပူးပေါင်းတိုက်ခိုက်ပေးနေပြီဆိုတာ သိလိုက်ရပြီမို့ တော်လှန်အင်အားစုတွေအတွက်ရော၊ တော်လှန်ရေး ဘယ်တော့ပြီးမလဲ မေးသူတွေအတွက်ပါ အများကြီး Moti ပေးနိုင်ခဲ့ပြီ မဟုတ်ပါလော။

နွေလူ

Photo-Free Burma Rangers

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024