ပါလက်စတိုင်း လခြမ်းနီအသင်း (PRCS) ဟာ အစ္စရေးမှ ပြန်လွတ်လာတဲ့ အကျဉ်းသားတဦးကို အသင်းသားတွေ သွားခေါ်ယူကြတဲ့ ဗီဒီယိုကို မေ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်မှာ မေ ၂၂ ရက်က ဂါဇာတောင်ပိုင်းရှိ ခန်ယိုးနစ်စ် အနီးမှာ လူနာတင်ယာဉ် အမှုထမ်း ၁ ဦးက လူ ၁ ယောက်ကို ခေါ်ဆောင်သွားပြီး ဆေးရုံကို ပို့ပေးခဲ့တာကို ပြထားပါတယ်။
နောက်ထပ် လွတ်မြောက်လာတဲ့ အကျဉ်းသား ၁ ယောက်ကိုလည်း ဆေးရုံကို ပို့ပေးခဲ့တယ်လို့ PRCS အသင်းက ပြောပါတယ်။
ရိုက်တာဟာ ဗီဒီယိုရဲ့ တည်နေရာနဲ့ ရက်စွဲကို ပါလက်စတိုင်း လခြမ်းနီအသင်း ပြောရေးဆိုခွင့်ရှိသူဆီမှ အတည်ပြုနိုင်ခဲ့ပါတယ်။
ကြာသပတေးနေ့က အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်တလျှောက် ဝေဟင်နဲ့ မြေပြင် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၅၀ ထက်မနည်း သေဆုံးပြီး တောင်ပိုင်း ရာဖာ ဒေသတွေမှာ ဟားမတ်စ် ဦးဆောင်တဲ့ စစ်သွေးကြွတွေနဲ့ အနီးကပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေး အရာရှိတွေနဲ့ ဟားမတ်စ် မီဒီယာတွေက ပြောပါတယ်။
အစ္စရေးကလည်း ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေရဲ့ နောက်ဆုံးတပ်ရင်းတပ်ဖွဲ့တွေ ခိုလှုံနေတယ်လို့ ယူဆရတဲ့ ရာဖာကို မြေလှန်ချေမှုန်းပစ်ဖို့ကလွဲလို့ တခြားနည်းလမ်း မရှိဘူးလို့ ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ် သေနတ်သမားတွေက ဖမ်းခေါ်သွားတာ ခံရတဲ့ အမျိုးသမီးစစ်မှုထမ်း ၅ ဦးပါတဲ့ ရုပ်သံကို အစ္စရေး ရုပ်မြင်သံကြားက မေ ၂၂ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ဒီဗီဒီယိုဖိုင်ဟာ ဟားမတ်စ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူပြီး ဓားစာခံတွေကို လွှတ်ပေးဖို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအပေါ် ဖိအားတွေ တိုးလာမယ်လို့ သုံ့ပန်းမိသားစုတွေက မျှော်လင့်နေပါတယ်။
ဒီဗီဒီယိုဖိုင်ထဲမှာ အမျိုးသမီးငယ်တချို့ သွေးထွက်သံယိုဖြစ်နေပြီး ဂျစ်ကားပေါ်မှာ တုပ်နှောင်ခံထားရတဲ့ အမျိုးသမီးလေးတွေကို မြင်တွေ့ရပါတယ်။
“ပါလက်စတိုင်းမှာ ကျမရဲ့သူငယ်ချင်းရှိတယ်” လို့ အသက် ၁၉ နှစ်အရွယ် စစ်မှုထမ်း နာမား လယ်ဗီက အင်္ဂလိပ်ဘာသာနဲ့ ပြောခဲ့ပါတယ်။
“မင်းတို့ ခွေးတွေ၊ မင်းကို နင်းပစ်မယ်” လို့ သေနတ်သမားတဦးက အာရပ်ဘာသာနဲ့ ပြန်အော်သံကို ကြားရသလို တခြားသေနတ်သမားတဦးကတော့ ဖမ်းခံထားတဲ့ မိန်းမငယ်ကို “မင်းက လှတယ်” လို့ ပြောခဲ့ပါတယ်။
ဓားစာခံတဦးရဲ့ မိသားစုဝင်က ဗီဒီယိုဖိုင်ရိုက်ကူးတဲ့ ရက်စွဲနဲ့ တည်နေရာကို အတည်ပြုခဲ့ပါတယ်။ အမျိုးသမီးတွေက စောင့်ကြည့် ထောက်လှမ်းသူတွေအဖြစ် ဆောင်ရွက်ခဲ့တဲ့ အစ္စရေးတောင်ပိုင်းက နာဟယ်လ်အိုဇစ် အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားတွေရဲ့ ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ ကင်မရာတွေကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်ရခဲ့တာလို့ ဟားမတ်စ်တွေ ထိန်းသိမ်းထားဆဲ လူ ၁၂၄ ဦးရဲ့ ဆွေမျိုးသားချင်းတွေပါတဲ့ ဓားစာခံ မိသားစုများဖိုရမ်က ပြောပါတယ်။
သေဆုံးသွားတဲ့ အစ္စရေးစစ်သားတွေရဲ့ ပစ်ခတ်မှုတွေကို ချန်လှပ်ထားခဲ့ပြီး ဒီဗီဒီယိုကို သုံ့ပန်း ၅ ဦးရဲ့ မိသားစုတွေက အတည်ပြု ထုတ်ပြန်ခဲ့တာလို့ ဖိုရမ်က ပြောပါတယ်။
နေတန်ယာဟု အစိုးရက စစ်ရေးအရ ဆက်ပေးတဲ့ဖိအားဟာ ဟားမတ်စ်တို့ကို တွန်းအားပေးလိမ့်မယ်လို့ ပြောပါတယ်။ ဓားစာခံမိသားစုတွေကတော့ ချစ်ရသူတွေ အသက်မရှင်မှာကို စိုးရိမ်ကြပြီး ဖမ်းဆီးခံ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှာကို စိုးရိမ်နေကြပါတယ်။
ဟားမတ်စ်တွေကတော့ သူတို့အမျိုးသားတွေက လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဂါဇာအပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံများ လွတ်မြောက်ရေး ဆွေးနွေးပွဲတွေဟာ ရှေ့မတိုးနောက်မဆုတ်သာ ပိတ်မိမယ့်အခြေအနေနဲ့ နီးကပ်နေပြီလို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျဒ် အယ်လ်အန်ဆာရီက မေ ၂၁ ရက်မှာ ပြောပါတယ်။
“လောလောဆယ်မှာ ညှိနှိုင်းမှုက ရှေ့မတိုး နောက်မဆုတ် ဖြစ်နေပေမဲ့ ကာတာရဲ့ ကတိကဝတ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကတိကဝတ်တွေကြောင့် စေ့စပ်ညှိနှိုင်းမှုတွေ အဆက်မပြတ်ရှိနေမှာ ဖြစ်ပြီးတော့ စဉ်ဆက်မပြတ် ဆက်သွယ်မှုတွေလည်း ရှိနေမယ်” လို့ အယ်လ်အန်ဆာရီက ပြောပါတယ်။
ဒါပေမဲ့လည်း ဒီ ရှေ့မတိုးနောက်မဆုတ် အခြေအနေအတွက် အပ်ဒိတ်မရှိသေးဘူးလို့ ကာတာ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ် မိုဟာမက် ဘင် အဗ္ဗဒူလ်ရာမန် ဘင်န် ဂျက်စ်ဆင်မ် အယ်လ်ထာနီက ကာတာစီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောခဲ့ကြောင်းလည်း အယ်လ်အန်ဆာရီက ဆိုပါတယ်။
ဒါ့အပြင် အစ္စရေးနဲ့ ဟားမတ်စ်ခေါင်းဆောင်တချို့ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး အစိုးရရှေ့နေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အယ်လ်အန်ဆာရီက ကာတာအနေနဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက်မှတ်ချက်ပေးဖို့ စောလွန်းသေးပေမဲ့ နိုင်ငံနဲ့ အဖွဲ့အစည်းအားလုံးက အရပ်သားတွေကို သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ပြောပါတယ်။
ကာတာနိုင်ငံကတော့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတာကို ရှုတ်ချတဲ့အပြင် အာမခံနိုင်တာတခုက ကာတာနိုင်ငံဟာ နိုင်ငံတကာဥပဒေတွေကို ပံ့ပိုးပေးဖို့ ကတိကဝတ်အတိုင်း ဆက်ရှိနေမှာဖြစ်ပြီး ပါတီအားလုံးကလည်း ခွဲခြားမှုမရှိဘဲ နိုင်ငံတကာဥပဒေကို လိုက်နာဖို့က အရေးကြီးပါတယ်လို့ အယ်လ်အန်ဆာရီက ပြောပါတယ်။
Source/Photo-Reuters