ဇူလိုင် ၄ ရက်မှာ ကျင်းပဖို့ သတ်မှတ်လိုက်တဲ့ ဗြိတိန်ရွေးကောက်ပွဲအတွက် မေ ၂၃ ရက်မှာ မဲဆွယ်မှုတွေ စတင်နေပြီဖြစ်ပါတယ်။
အဓိကပြိုင်ဘက်တွေဖြစ်ကြတဲ့ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်နဲ့ အတိုက်အခံ လေဘာပါတီခေါင်းဆောင် ကီယာစတာမာ တို့ကတော့ တိုင်းပြည်စီးပွားရေး နာလန်ထူမှုကို အဓိကထား မဲဆွယ်နေကြပါတယ်။
ရွှေ့ပြောင်းပြဿနာ၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ကျန်းမာရေးပြဿနာတွေကလည်း အရေးပါနေပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလကမှ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဆူးနတ်ခ်ဟာ မျှော်လင့်ထားတာထက် အချိန်အများကြီးစောပြီး ရွေးကောက်ပွဲခေါ်ခဲ့တာဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။
အချိန်စောကျင်းပတဲ့အတွက် ဆူးနတ်ခ်ရဲ့ အဓိကပေါ်လစီနှစ်ရပ်ဖြစ်တဲ့ ရဝမ်ဒါကို တရားမဝင်ရွှေ့ပြောင်းတွေ ပို့မယ့်ကိစ္စနဲ့ ၂၀၀၉ နောက်ပိုင်း မွေးဖွားသူတွေ အကုန်လုံး ဆေးလိပ်သောက်ခွင့်ပိတ်မယ့် ဥပဒေကြမ်းပါ မရေမရာ ဖြစ်သွားပါတယ်။
စစ်တမ်းတွေအရ ကွန်ဆာဗေးတစ်ပါတီရဲ့ ၁၄ နှစ်ကြာ ဦးဆောင်မှု အဆုံးသတ်တော့မယ်လို့ ဖော်ပြပါတယ်။
More in Common အဖွဲ့ရဲ့ နောက်ဆုံးစစ်တမ်းအရ စတာမာ ဦးဆောင်တဲ့ လေဘာပါတီအပေါ် ထောက်ခံမှု ၄၄ ရာခိုင်နှုန်းရှိနေပြီး ဆူးနတ်ခ်ရဲ့ ကွန်ဆာဗေးတစ်တွေအပေါ် ထောက်ခံမှုက ၂၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။
လက်ယာစွန်း Reform UK ပါတီအပေါ် ၁၀ ရာခိုင်နှုန်း၊ ဗဟိုဝါဒီ လစ်ဘရယ် ဒီမိုကရက်တွေအပေါ် ၉ ရာခိုင်နှုန်း၊ ဂရင်းပါတီအပေါ် ၅ ရာခိုင်နှုန်း ထောက်ခံမှု အသီးသီး ရှိနေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဆဋ္ဌမမြောက် အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ ဗြိတိန်မှာ နှစ်နဲ့ချီ တိုးတက်မှု နှေးကွေးတာ၊ ငွေကြေးဖောင်းပွမှု မြင့်တက်တာတွေ ရင်ဆိုင်နေရပြီး ၂၀၁၆ တုန်းက ဥရောပသမဂ္ဂက နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေ ခံစားနေရပါတယ်။
ကိုဗစ်-၁၉ ကနေ စီးပွားရေးနာလန်ထူမှု နှေးကွေးနေသလို ယူကရိန်းစစ်ပွဲကြောင့် စွမ်းအင်စျေးတက်တဲ့ဒဏ်လည်း ခံနေရပါတယ်။
Source/Photo-Reuters