Home
မြန်မာသတင်း
စစ်တပ်က ဗန်းမော်ပြည်သူ ၁၀ ဦးထက်မနည်းဖမ်းဆီးပြီး စားနပ်ရိက္ခာများ အဓမ္မယူဆောင်
DVB
·
May 24, 2024
Bamaw 2452024

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ကမ်းသာဦးဆိပ်ကမ်းကို မ ၂၃ ရက် မနက် ၁၁ နာရီကျော်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ လောက် စစ်ကား၊ အိမ်စီးကားတွေနဲ့ ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင် မော်တော်တွေကိုလည်း ထွက်ခွာခွင့်မပေးဘဲ ဆန်အိတ်တွေ၊ ခေါက်ဆွဲခြောက်ဖာတွေ၊ စားနပ်ရိက္ခာတွေကို အတင်းအဓမ္မယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ဆိပ်ကမ်းမှာ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ စျေးသည်တဦးက “ဆိပ်ကမ်းမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်၊ တစီးမှမထွက်စေဘူး။ အမျိုးသမီးအချို့ရော၊ မော်တော်ဆရာ လူငယ်တွေရော ၁၀ ဦးလောက်ကို ဖမ်းသွားသေးတယ်။ KIA၊ PDF တွေကို ထောက်ပံ့တယ် စွပ်စွဲပြီး ဖမ်းဆီးတာ သူတို့မသင်္ကာတဲ့သူတွေကို။ ကမ်နားမှာကျက်စားနေတဲ့ ဖိုးသမားတွေ၊ သူခိုးတွေကိုတော့ မဖမ်းဘဲ လွှတ်ထားပေးတယ်၊ သူတို့သတင်းပေးတွေလေ။ ဆန်အိတ်တွေ၊ စားစရာတွေ၊ အနောက်ဘက်ကမ်းက ရွာစျေးဆိုင်တွေမှာ ရောင်းချမဲ့ စားနပ်ရိက္ခာတွေ အကုန် စစ်ကားတွေပေါ် သယ်ယူသွားကြတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူ မိသားစုဝင်နဲ့ နီးစပ်သူတဦးက​ “စျေးဆိုင်မှာရောင်းဖို့ ဝယ်ထားတဲ့ ဆန်အိတ်တွေကို မော်တော်တွေပေါ်ကနေ PDF ထောက်ပံ့ဖို့ မလားဆိုပြီး အကုန်ဆွဲချကြပါတယ်။ ပြီးတော့ လူတွေကိုပါဖမ်းတယ်၊ ဘယ်ကိုဖမ်းသွားလဲ မသိရသေးဘူး။ နေ့လယ် ၁၁ ကျော်လောက်ကနေ ၃ နာရီကျော်ထိ ကမ်းနားမှာနေ ထားကြတာ။ အရင် ၁ လပိုင်းတုန်းက ဖမ်းခံရတဲ့သူတွေတောင် သတင်းမရတဲ့သူတွေရှိတယ်။ ရိက္ခာတွေ စစ်တပ်က သိပ်မထောက်ပံ့ဘဲ လုပ်ပိုင်ခွင့်တွေပေးထားတာဖြစ်မယ်။ သေနတ်ပြပြီး တရားဝင်ဓားပြ တိုက်နေကြတာပါ” လို့ ပြောပါတယ်။

ဒေသအသီးသီးက လာရောက်နေထိုင်သူတွေရှိတဲ့ ဗန်းမော်မြို့ ကမ်းနားတလျှောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မကြာခဏရောက်လာပြီး တွေ့ရာလူတွေကို ဖမ်းဆီးတတ်တာကြောင့် အောက်ခြေလူတန်းစားတွေ အခက်တွေ့နေကြကြောင်း၊ ဖမ်းဆီးခံရသူတွေကိုလည်း မှတ်ပုံတင်မျဥ်းဇောင်းအလိုက် နှိပ်စက်ညှဉ်းပန်းတာကြောင့် ဖမ်းဆီးခံရသူတွေရဲ မိသားစုဝင်တွေ စိုးရိမ်သောကရောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင် ဗန်းမော်မြို့နယ် ဝင်ထွက်ခွင့်တွေကို စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် အခြေခံစားသောက်ကုန်နဲ့ ဓာတ်ဆီစျေးတွေလည်း တရိပ်ရိပ်တက်လာနေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024