ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းနဲ့ ညောင်ပင်သာကြားမှာရှိတဲ့ ရထားလမ်း မေ ၂၄ ရက် မနက်အစောပိုင်းက မိုင်းခွဲခံရတာကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ် ရပ်ဆိုင်းခဲ့ရတယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။
ဖြူးမြို့နယ် ကညွတ်ကွင်းနဲ့ ညောင်ပင်သာကြား ပတ္တယာရွာလမ်းကူးအနီးမှာ မေ ၂၄ ရက် မနက် ၁ နာရီကျော်လောက်က မိုင်းခွဲခံရတာကြောင့် မီးရထားအစုန်၊ အဆန်လမ်း ၂ ခုလုံး ပျက်စီးခဲ့ပါတယ်။
မီးရထားလမ်း မိုင်းဖောက်ခွဲခံရတာကြောင့် ရန်ကုန်-မန္တလေးလမ်း ခရီးစဉ် ယာယီရပ်ဆိုင်းထားသလို အဲ့လမ်းကြောင်းမှာရှိတဲ့ ရထားတွေလည်း နီးစပ်ရာ ဘူတာတွေမှာ ရပ်ထားရတယ်လို့ မီးရထားဝန်ထမ်းတဦးက ပြောပါတယ်။
“ရထားမိုင်းခွဲခံရတဲ့အတွက် ကုန်ရထားက ဖြူးဘူတာမှာ ရပ်ထားတယ်။ နောက်ထပ် ရထားတစင်းက ညောင်လေးပင်ဘူတာမှာ ရပ်ထားရတယ်။ ရန်ကုန်-မန္တလေး ရထားတွေတော့ ဒီနေ့ ခဏနားထားပါတယ်။ ဒီနေ့ပြင်လို့ပြီးရင်တော့ မနက်ဖြန် ထွက်ပါမယ်။”
ပြီးခဲ့တဲ့ မေ ၂၁ ရက်ကလည်း သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းမှာရှိတဲ့ ရထားလမ်း ပေါင်းကူးတံတားတစင်း မိုင်းခွဲခံရတာကြောင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ် ယာယီရပ်ဆိုင်းခဲ့ရပါတယ်။