Home
မြန်မာသတင်း
စစ်မှုထမ်းအကြောင်း ဝါဒဖြန့်ရုပ်သံရိုက်ကူးရန်  ပျိုမေ Vbolg ကို  စစ်ကောင်စီငွေပေး ခိုင်းစေ 
DVB
·
May 24, 2024
pyo 2452024

စစ်ကောင်စီက စစ်မှုထမ်းအကြောင်း ဝါဒဖြန့်ရုပ်သံရိုက်ကူးဖို့အတွက် ပျိုမေ  ပျိုမေ Vbolg ကို ငွေကြေးထောက်ပံ့မှုတွေပေးကာ ငှားရမ်းရိုက်ကူးစေခဲ့တာလို့  စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အရင်ကခရီးသွားအကြောင်းတွေသာ ရိုက်ကူးလေ့ရှိတဲ့ ပျိုမေ  ပျိုမေ Vbolg ကို စစ်ကောင်စီက မေလအတွင်းက ငှားရမ်းကာ စစ်ကောင်စီလက်အောက်ခံ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညွှန်မှူးတဦးရဲ့ ထောက်ခံချက်နဲ့ စစ်မှုထမ်းအကြောင်း အခန်းဆက် ပရိုဂရမ်ကို ရိုက်ကူးခွင့်ရရှိခဲ့တာလို့ ပြန်ကြားရေးနဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“အဲ့အကြောင်းကိုရိုက်ဖို့ MRTV 4 နဲ့ မြဝတီက စီစဥ်သေးတယ်။ အကြောင်းက သူတို့ရိုက်ရင် လူမကြည့်မှာစိုးလို့ အခြားသူနဲ့ရိုက်တာ။ တပ်နဲ့ပတ်သက်တဲ့ သတင်းဌာနတွေတောင် ရိုက်လို့မရဘူး။ ထောက်ပံကြေးရတယ်၊ အဲ့ဒီ Page ဆက်ပြီး လည်ပတ်လို့ရအောင် ဘယ်လောက်ရလဲတော့ မသိဘူး။” 

စစ်မှုထမ်းအကြောင်း ရုပ်သံရိုက်ဖို့ ဧပြီလအတွင်းက စီစဥ်ခဲ့တာဖြစ်ပြီး လာရောက်ရိုက်ကူးတဲ့အဖွဲ့ရဲ့ နေထိုင်ရေးနဲ့လုံခြုံရေးကို တိုင်းစစ်ဌာနချုပ်နဲ့သင်တန်းကျောင်းက အရာရှိတွေက စီစဥ်ပေးရတယ်လို့ အရာရှိတဦးက DVB ကို ပြောပါတယ်။

“ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်က စခတပဲ ဖြစ်ဖြစ် တကကပဲဖြစ်ဖြစ် ကျောင်းတခုခုမှာ ရိုက်မယ်။ ရိုက်မယ့်ကျောင်းက အဲ့အဖွဲ့မလာခင် ကျောင်းကလိုအပ်တာပြင်ဆင်ပေးရတယ်။ နေစရိတ်၊ စားစရိတ် အကုန်စီစဥ်ပေးရတယ်။ လုံခြုံရေးက တိုင်းစစ်ဌာနချုပ်က စီစဥ်ပေးရတယ်၊ တကက ၂ မိုးစွေမှာ ရိုက်တာ။”

ဒါကြောင့်လည်း စစ်ကောင်စီက ငွေကြေးပေးပြီး ခေါ်ယူရိုက်တဲ့ပုံစံမဖြစ်အောင် ခရီးသွားဟန်လွဲဟန်နဲ့ ပျိုမေ  ပျိုမေ Vbolg က ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။  ဒါနဲ့ပတ်သက်ပြီး  ပျိုမေ  ပျိုမေ Vbolg ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက “သူတို့ ရည်ရွယ်ချက်က တပ်ကသူတွေရော၊ ထောက်ခံ တဲ့သူတွေရော အဲ့ဗီဒီယိုအရင်ဖြန့်တယ်။ ဆဲရင်ပြန်ဆဲ၊ သူဆဲကိုယ်ဆဲနဲ့ ဗီဒီယိုက ပေါက်သွားမယ်၊ ဝင်ကြည့်တဲ့ သူများမယ်၊ အဲ့ရည်ရွယ်ချက်နဲ့ရိုက်တာ။ အမှန်ဆို ဝင်မကြည့်ရဘူး၊ ဒေါသဖြစ်လို့ဆဲလေ ကြည်ရှုနှုန်းများလေပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို ပြန်အသက်သွင်းပြီး ဖေဖော်ဝါရီ ၂၆ ရက်မှစတင်ကာ မတ် ၁၆ ရက်အထိ စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ ဗိုလ်ကြီး အေးသင်ဇာကျော်က အပိုင်း ၁ မှ ၈ အထိ စစ်မှုထမ်းဥပဒေအ​ကြောင်း သိကောင်းစရာခေါင်းစဥ်နဲ့ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ဖြန့်ဝေခဲ့ပါတယ်။

တပ်ထောက်ခံသူတဦးက "အဲ့တုန်းကဝါဒဖြန့်တာ အောင်မြင်တယ်ဆိုပေမဲ့ အဘန်းခံရတာများတော့ သိပ်မထိရောက်ဘူး။ မြဝတီတို့၊ MRTV 4 တို့က ဆိုလည်း လူကမကြည့်ဘူး၊ Tiktok မှာတင် ရင်လည်း ဘန်းခံရတယ်။ အကောင့်တွေ warning ထိတာများတယ်။ အာ့ကြောင့် လူကြည့်များအောင် တပ်က တမျိုးစီစဥ်လိုက်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက လတ်တလောပြည်တွင်းမှာ စစ်မှုထမ်း သင်တန်းအပြင် ပြည်သူ့စစ်သင်တန်းနဲ့ ခြေလျင်တပ်သားသစ်သင်တန်းတွေကိုလည်း ဖွင့်လှစ်ထားပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ အပတ်စဥ် ၁ မှာ လူဦးရေ ၅၀၀၀ နီးပါးကို ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ စစ်အခြေခံသင်တန်းကျောင်း ၇ ကျောင်းနဲ့ တန်းမြင့်သင်တန်းကျောင်း ၈ ကျောင်းမှာ သင်တန်းပေးခဲ့တာပါ။ 

စစ်မှုထမ်းအပတ်စဥ်ကို အရင်က သင်တန်းကျောင်း ၁၅ အပြင် မိတ္တီလာတပ်နယ်၊ ရေတာရှည်တပ်နယ်နဲ့ တကက ၁၄ ကျိုင်းတောင်တို့ ပါဝင်လာတာ တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013