Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမီးလောင်ပြီး အိမ်ခြေရာချီ ပျက်စီးဆုံးရှုံး
DVB
·
May 24, 2024
bigali 2452024

ရိုဟင်ဂျာဒုက္ခသည်တွေနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တန်ကာလီစခန်းအမှတ်- ၁၃ ဒုက္ခသည်စခန်းမှာ မေ ၂၄ ရက် ဒီနေ့မနက်ပိုင်းက မီးလောင်ပြီးအိမ်ခြေ ရာနဲ့ချီ မီးထဲပါသွားတယ်လို့  ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေထံက သိရပါတယ်။

NGO ဝန်ထမ်း ရိုဟင်ဂျာ ဒုက္ခသည် တဦးက"ကျနော်တို့ နေရာနဲ့တော့ ဝေးတယ်။ ဒါပေမဲ့ မီးက ကိုယ့်အနီးမှာ လောင်နေသလိုပဲ အသံတွေလည်းကြားနေရတာ။ စလောင်တာက NGO အဖွဲ့တခုဖြစ်တဲ့  Critas စင်တာကနေ စလောင်တာ ရှို့မီးလို့လည်းပြောကြတယ်။ မီးကတော့အခု ထိန်းနိုင်ပြီတဲ့”လို့ ပြောပါတယ်။ 

မီးလောင်မှုကြောင့် လူတွေ ထိခိုက်သေဆုံးမှုအခြေအနေနဲ့ပတ်သက်လို့ အတည်ပြုလို့တော့ မရပါဘူး။   မီးလောင်ရတဲ့ အကြောင်းရင်းဟာ  ရှို့မီးကြောင့် ဖြစ်တယ်လို့  စခန်းမှာ နေထိုင်တဲ့ ဒေသခံ ရိုဟင်ဂျာတဦးက ပြောပါတယ်။ 

" မနက် ၉ နာရီ ကျော်လောက်မှာ RSO ကလူတွေ ၅ ယောက်လောက် ဆီပုံးတွေနဲ့လာရှို့တာ ၊ မြင်လိုက်တဲ့အိမ်တွေကတော့ ဝိုင်းပြီးလိုက်ကြသေးတယ် မမိလိုက်ဘူး။ ထွက်ပြေးသွားတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်ကတော့ လာပြီးမီးငြှိမ်းဖို့ကြိုးစားတာတော့တွေ့တယ်။ လုံခြုံရေး ရဲတပ်ဖွဲ့ APBn 8 Battalion ကတော့ အနီးဆုံးမှာရှိပေမဲ့ ဘာမှ မကူညီကြဘူး။ ကလေးငယ်တယောက် သေတယ်လို့ ကြားတယ်အတည်တော့မပြုနိုင်သေးဘူး။ ပျောက်နေတာလည်း ဖြစ်နိုင်တယ်။ မီးကတော့ငြိမ်းသွားပါပြီ။”

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ်ခြေ ၁၀၀ ကနေ အထက် မီးလောင်ပြာကျနိုင်ပြီး လတ်တလော စာရင်းအတိအကျကောက်ယူလို့ မရနိုင်သေးဘူးလို့ ဒုက္ခသည်စခန်းတာဝန်ခံ တဦးက ပြောပါတယ်။

တန်ကာလီဒုက္ခသည်စခန်း အမှတ်-၁၃ က ဘာလူခါလီဒုက္ခသည်စခန်းနဲ့နီးပြီး၊ စခန်း တွေအားလုံးက သက္ကယ်၊ ဓနိမိုး ဝါးတွေနဲ့ ဆောက်ထားကြပြီး တအိမ်နဲ့တအိမ် တွဲပြီး တည်ဆောက်ထားတာကြောင့် မီးလောင်ရင်ခဏအတွင်းမှာပဲ ကူးစက်မြန်ဆန်ပြီး တခါလောင်ရင် ရာနဲ့ချည်ပြီး မီးလောင်ပြာကျလေ့ရှိပါတယ်။

မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013