Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ ဖမ်းဆီး၊ ခြံအမှတ်  ၅၄ ကို လေလံဈေးလျှော့ချ
DVB
·
May 24, 2024
DASSK_18042024

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကောင်စီ တိုက် ၈ လုံးထဲက တိုက်နံပတ် ၆ မှာပြောင်းရွှေ့ပြီး အကျဉ်းချထားတယ်လို့ နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး တရားခွင်ပြင်ဆင်စစ်ဆေး ထိန်းသိမ်းခဲ့တဲ့နေရာကို စစ်ကောင်စီက ပြန်ပို့ထားတာဖြစ်ပြီး ရှေ့နေအဖွဲ့နဲ့တွေ့ဆုံခွင့်တော့ မရသေးဘူးလို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ကို အကျဉ်းထောင်တွေကနေ နေရာပြောင်းရွှေ့လိုက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၆ ရက်နေ့မှာပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ ဘယ်နေရာပြောင်းရွှေ့ထားတယ်ဆိုတာ အတည်ပြုချက်မပေးဘဲ သတင်းထိန်ချန်ထားခဲ့တာပါ။

နေပြည်တော်အချုပ်ထောင်နဲ့နီးစပ်သူတဦးက “နေပြည်တော်ကောင်စီ အရင် ကျနော်တို့ အမှုစစ်တဲ့ဘက်ကို ပြန်ပို့တယ်လို့ သိရပါတယ်။ ကျနော်တို့ ပထမဆုံး တရားခွင်လုပ်တယ်လေ။ နေပြည်တော်ကောင်စီမှာ တိုက် ၈ လုံးရှိတယ်၊ တိုက် ၆ တို့ ၄ တို့မှာ နားပြီးတော့ ၁ မှာ တရားခွင်လုပ်တာ။ အခုတော့ တိုက်နံပါတ် ၆ မှာ အဲ့ဒီမှာ သူတို့ထားတယ်လို့ ပြောတယ်။ မရဘူး ဘယ်သူမှ တွေ့ခွင့်မရဘူး။ ပစ္စည်းပို့တာတော့ ပို့ရတယ်လို့ ပြောတယ်။ လောလောဆယ် သိရတာတော့ ကျန်းမာရေးကောင်းတယ်လို့ ပြောပါတယ်” လို့‌ ပြောပါတယ်။

စစ်ကောင်စီက လေလံတင်ရောင်းချဖို့ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို မူလက ကြမ်းခင်းဈေး ငွေကျပ်သန်း ၃၅၀ သတ်မှတ်ခဲ့ပေမဲ့ လေလံဆွဲမဲ့သူမရှိတာကြောင့် ငွေကျပ် သန်း ၁၆၀ အထိ လျှော့ချပြီး လေလံပြန်ခေါ်ဖို့ တရားပြိုင် ဦးအောင်ဆန်းဦးက မေ ၂၃ ရက်နေ့ရုံးချိန်းမှာ တရားရုံးကို အဆိုတင်သွင်းထားပါတယ်။

မတ် ၂၀ ရက် ပထမအကြိမ်လေလံပွဲတုန်းက သတ်မှတ်ကြမ်းခင်းဈေးအတိုင်း လေလံဆွဲမယ့်သူ မရှိတာကြောင့် လေလံပွဲမအောင်မြင်ဘဲ ခြံအမှတ် ၅၄ ကို နောက်တကြိမ်လေလံတင်ဖို့ ရက်ရွှေ့ဆိုင်းခဲ့တာပါ။ 

ခြံအမှတ် ၅၄ ကို ဒုတိယအကြိမ်လေလံတင်တဲ့အခါမှာ လေလံဆွဲသူကို ခြံဝင်းထဲဝင်ကြည့်ခွင့်ပေးဖို့၊ ခြံဝင်းထဲမှာပဲ လေလံပစ်ဖို့နဲ့ လေလံမတင်ခင် သတင်းစာတွေကနေ ကြော်ငြာဖော်ပြဖို့ စတဲ့ အချက်သုံးချက်ကို ဦးအောင်ဆန်းဦးရဲ့ရှေ့နေက မေ ၁၅ ရက်နေ့ရုံးချိန်းတုန်းက နုတ်နဲ့ အဆိုပြုထားပါတယ်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “အရင် သန်း ၃၅၀ ကို သန်း ၁၆၀ နဲ့ ကြမ်းခင်းဈေးလျှော့ပြီး သတ်မှတ်ဖို့ တင်ပြတယ်လို့ ပြောတယ်။ လေလံဆွဲမယ့်သူမရှိလို့ သန်း ၁၆၀ နဲ့ လျှော့ချသတ်မှတ်ပေးဖို့ဆိုပြီးတော့ ဦးအောင်ဆန်းဦးဘက်က တင်ပြတယ်လို့တော့ ပြောတယ်။ ၃၅၀ ဆိုတဲ့ဟာကို အောင်မြင်တယ်ဟေ့ဆို တဝက်စီရမှာလေ၊ အဲ့ဒါကို သူ့သဘောနဲ့သူ ၁၆၀ ပေးပါဆိုတော့ ဒီဘက်က ထက်ဝက်မက ဆုံးရှုံးတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘယ်လိုတင်ပြမလဲပေါ့။ သူ့ရှေ့နေတွေကရော ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရသလား၊ တင်ပြခွင့်ရသလား၊ တင်ပြဖို့အခြေအနေရှိသလား၊ ဒါတွေတော့ အသေးစိတ်တော့ ကျနော်မသိသေးဘူး၊ တဖက်က တင်ပြတယ်ဆိုရင်တော့ တရားရုံးကနေ လေလံကြမ်းခင်းဈေးကို သတ်မှတ်ပေးပြီးမှပဲ လေလံလုပ်ငန်းစဉ်အတိုင်းဆက်သွားကြမှာပေါ့” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့နေအဖွဲ့နဲ့ တွေ့ခွင့်မရသေးသလို သူ့ရဲ့ အိမ်လေလံကြမ်းခင်းဈေး သတ်မှတ်ရာမှာလည်း ပါဝင်ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ဒီအမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်ကို ပြင်ဆင်ချက်တင်သွင်းထားပေမဲ့ ကမာရွတ်ခရိုင်တရားရုံးက ဒုတိယအကြိမ်လေလံတင်ဖို့ အရေးကိုပဲ ဦးစားပေးစီစဉ်ကြားနာနေတာပါ။

စစ်ကောင်စီတရားရုံးက အသက် ၇၈ နှစ်အရွယ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၄ ခုအတွက် ထောင်ဒဏ်စုစုပေါင်း  ၂၇ နှစ်ချမှတ်ထားပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013