Home
မြန်မာသတင်း
မြောက်ဦးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
DVB
·
May 24, 2024
myauk 2452024

ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီက မေလ ၂၄ ရက်နေ့ မနက်ပိုင်းက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစ်စီးဟာ မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ ထွေအုပ်ရုံးကို မနက် ၉ နာရီ ၄၀ မိနစ်ဝန်ကျင်းမှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲခြင်းဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုမရှိဟု ဒေသခံများကပြောသည်။

“ စစ်ကောင်စီက မနက် ၉ နာရီလောက်မှာ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစ်စီလာပြီးတော့ ထွေအုပ်ရုံးကို ဗုံးကြဲတိုက်ခိုက်သွားဖြစ်တယ်။အရပ်သား ထိခိုက် သေဆုံးမှုတော့ မရှိကြဘူး။ စစ်ကောင်စီက မြို့ကိုအခုလို လာပြီးတော့ ဗုံးကြဲသွားတာကြောင့် လူထုတွေကတော့ တော်တော်လည်းကို ထိပ်လန့်သွားကြတယ်။ စစ်ကောင်စီက လူထုကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အကြောက်တရားတွေ စိုးရိမ်မှုတွေနဲ့ ထိခိုက်မှုတွေ ရရှိအောင် လာလုပ်နေတာဖြစ်တယ်” လို့ပြောပါတယ်။

မြောက်ဦးမြို့ပေါ်တွင် မတ်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေနဲ့ စစ်ရေးပြင်းထန်နေဆဲမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာလည်း မြင့်တက်လာနေတာဖြစ်ပါတယ်။

စစ်ကောင်စီက အရပ်သားများနဲ့ အရပ်သားနေထိုင်တဲ့ မြို့ရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကို တားဆီးနိုင်ဖို့အတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီရောင်းချနေမှုနဲ့ စစ်လက်နက် ထောက်ပံ့နေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကို ထိရောက်စွာ အရေးယူဖို့ လိုအပ်တယ်လို့ လူ့အခွင့်ရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။

“ စစ်ကောင်စီက နိုင်ငံတဝန်းမှာ နေ့တိုင်းလိုလို စစ်ရေးပစ်မှတ်တွေ မဟုတ်တဲ့ အရပ်သားတွေ၊ အရပ်သားတွေ နေထိုင်တဲ့ ရပ်ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို ဟန့်တား တားဆီးနိုင်ဖို့အတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီရောင်းချပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ စစ်လက်နက် ထောက်ပံ့ရောင်းချနေတဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေကို ထိရောက်စွာ အရေးယူဖို့ လိုအပ်တယ်။ ဒါမှပဲ မြန်မာပြည်သူတွေရဲ့ အသက် အိုးအိမ်တွေကို ကယ်တင်နိုင်မှာဖြစ်တယ်” လို့ပြောပါတယ်။

၂၀၂၄ ခုနှစ် ပထမ ၄ လအတွင်းမှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၈၇ ခုရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၄၀၉ ကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က မေလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ ၆ လကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ အထိသိမ်းပိုက်ရရှိထားပြီး အမ်း၊ သံတွဲ၊ မောင်တောမြို့နယ်တို့မှာ စစ်ရေးပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013