Home
မြန်မာသတင်း
ရွှေဘို အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်နှင့် နွားထိုးကြီး စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
DVB
·
May 24, 2024
Att 2
Att 1

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈) ကို မေ ၂၃ ရက် နေ့လယ် ၁၂ နာရီခွဲ၀န်းကျင်မှာ ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့​တယ်လို့ Freedom Revolution Force (FRF) က ပြောပါတယ်။

“၁၀၇ မမ ရှောတိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဗဟိုကင်းကို မှန်တယ်။ လက်နက်တိုက်ကိုမှန်လို့ လက်နက်တိုက်ကွဲသွားတယ်။ လက်နက်ကြီးကွင်းနဲ့ ဘားတိုက်တွေကိုလည်း ထိတယ်” လို့ FRF ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

FRF ပြန်ကြားရေးတာ၀န်ခံက “ပစ်မှတ်တွေကို ဒရုန်းတွေနဲ့ အရင်ကင်းထောက်ပြီးမှ သေချာချိန်ပြီးပစ်တာပါ။ တပ်တွင်းက ထိခိုက်ပျက်စီးသေဆုံးတဲ့ သတင်းတွေကို တပ်တွင်းဖရဲသီးတဦးက ပေးပို့လာတာပါ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်ခံရမှု​ကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး တပ်တွင်းအဆောက်အဦတွေ ထိခိုက်ပျက်စီးမှုကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာမတွေ့ရသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဆိုပါ စစ်ဆင်ရေးကို Freedom Revolution Force (FRF)၊ ရွှေဘိုခရိုင် အမှတ် ၂၅ တပ်ရင်း (TPC) နဲ့ ရွှေဘိုခရိုင် အမှတ် ၂၄ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း Freedom Revolution Force (FRF) နဲ့ အခြားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး တံတားဦးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-ပြင်စည်လမ်းပေါ်က စစ်ကောင်စီဂိတ်ကိုလည်း မေ ၂၃ ရက်နေ့၊ မနက် ၉ နာရီ၀န်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့​တယ်လို့ Natogyi People Defence Force တာဝန်ခံက ပြောပါတယ်။

“ပြင်စည်ရွာထဲမှာတပ်စွဲနေတဲ့ ‌ေ- ၃၀ လောက်က တတ်စည်ရွာနားမှာဂိတ်ချပြီး ခရီးသွားပြည်သူတွေရဲ့ ကားတွေဆီကနေ ပိုက်ဆံတောင်းနေတဲ့ဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာပါ။” 

ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်သား ၃ ဦးပွဲချင်းပြီးသေဆုံးကာ ၆ ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့​တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ရာမှာ ပါ၀င်ခဲ့တဲ့ NPDF ရဲဘော်တဦးက “သေတဲ့ ၃ ကောင်ထဲမှာ ၁ ကောင်က ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားတယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်” လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းက ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

Photos .... Natogyi People Defence Force

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013