Home
မြန်မာသတင်း
မိုင်းနင်းမိပြီး ကျောက်ဖြူဒေသခံ ခြေထောက်ပြတ်၊ ပုဏ္ဏားကျွန်းနှင့် ဝိုင်းမော် ဗုံးကြဲခံရ
DVB
·
May 25, 2024
Kyauk 2552024

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ကျောက်ဖြူမြို့နယ်က ပြည်သူ ၁ ယောက် မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်ပြတ်ထွက်ခဲ့သလို ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာလည် လေယာဉ်နဲ့ ဗုံးကြဲလို့ မိန်းကလေးငယ် ၁ ယောက် ဒဏ်ရာရသွားပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ကုလားဘာရွာနားမှာ မေ ၂၃ ရက်နေ့ မနက် ၈ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ကောက်ရိုးသွားထမ်းတဲ့ ပြည်သူတယောက် ခြေတဖက်ပြတ်ထွက် အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ကုလားဘာကျေးရွာက အသက် ၅၆ နှစ်အရွယ် ဦးထွန်းဝင်းရဲ့ ညာဘက် ခြေထောက်ပြတ်ထွက် အပြင်းထန်ဒဏ်ရာရရှိပြီး ခန္ခာကိုယ်အနှံ့မှာလည်း မိုင်းစထိမှန် ဒဏ်ရာရခဲ့လို့ အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်မှာ မေ ၂၀ ရက်နေ့ မွန်းလွဲပိုင်းကလည်း စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူ တယောက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မေ ၂၄ ရက်နေ့ မနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မနက် ၁၁ နာရီလောက်မှာ စစ်တွေမြို့နယ်၊ ပါဒလိတ်အခြေစိုက် စစ်ကောင်စီ တပ်ရင်းတွေက ဒရုန်းနဲ့ ဗုံးသီး ၆ လုံးကြဲခဲ့တယ်လို့ ကွန်းတောင်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီဗုံးကြဲမှုကြောင့် ပြည်သူတွေရဲ့နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး အိမ်ခြေဘယ်လောက် ပျက်စီးခဲ့တယ်ဆိုတာကိုတော့ အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ကျနော်တို့ရွာဘက်က ပြည်သူတွေက စစ်ဘေးရှောင်နေကြတာဗျ။ စစ်ကောင်စီဘက်က ဗုံးကြဲတဲ့အချိန်မှာ မီးခိုးတွေအလုံးလိုက် တက်လာတာကို အဝေးကနေ လှမ်းမြင်နေရတယ်” လို့ ပြောပါတယ်။

ကွန်းတောင်ကျေးရွာကို စစ်တွေမြို့နယ် အမြင့်ကျွန်းနဲ့ ချီလည်ဖင်းရွာမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်ခဲ့လို့ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာကို မေ ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် မိန်းကလေးငယ် တယောက်နဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးရဲ့ ကျောကုန်းကို ဗုံးစထိမှန် ဒဏ်ရာရသွားတာပါ။

ဝိုင်းမော်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ မရှိတဲ့အချိန်တွေမှာလည်း ဝိုင်းမော် အခြေစိုက် ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တို့က ညစဉ် ၈ နာရီနောက်ပိုင်းမှာ ဝိုင်းမော်မြို့နယ်အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013