Home
မြန်မာသတင်း
ကွတ်ခိုင်တွင် ထိန်းသိမ်းထားသည့် သစ်တောမှ သစ်ခုတ်ယူနေ
DVB
·
May 25, 2024
Kook-952024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ဝန်းကျင်မှာ ထိန်းတောအဖြစ် ထိန်းသိမ်းထားတဲ့ သစ်တောဧရိယာက သစ်ပင်တွေကို  သစ်ထုတ်ဖို့ ခုတ်ထွင်လာတာကြောင့် တောပြုန်းလာတာနဲ့အမျှ အပူချိန်မြင့်တက်လာပြီး ဒေသခံတွေ စိုးရိမ်နေကြကြောင်း သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “ရာသီဥတုက ပြောင်းနေပြီ။ အခု ကျနော်တို့ ကွတ်ခိုင်မှာ အဲလောက်မပူဖူးဘူး။ အခုက တော်တော့ကို ပူလာတယ်။ ဒေသခံတွေအနေနဲ့ စိုးရိမ်တာက ရာသီဥတု ပြောင်းလဲလာတာကို စိုးရိမ်ပူပန်လာတယ်” လို့ ပြောပါတယ်။

ဒီလို သစ်ထုတ်တာတွေဟာ အဖွဲ့အစည်းအနေနဲ့ လုပ်တာလား စီးပွားရေးသမား ခရိုနီတွေပဲ လုပ်တာလား ဆိုတာကိုတော့ လတ်တလော အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။

“ကွတ်ခိုင်မှာ အရင်နှစ်ကထက် အများကြီး အပူချိန်မြင့်သွားပြီ။ ကွတ်ခိုင်မြို့ ပတ်ပတ်လည် ဟုတ်တယ်။ ထင်းရှူးရော၊ ယူကလစ်ရောပဲ” လို့ နောက်ထပ် ‌ဒေသခံ‌တဦးက ပြောပါတယ်။

ခုတ်ထွင်ထားတဲ့ သစ်တွေကို မနက်အစောပိုင်း ၁ နာရီကနေ ၄ နာရီကြား ပြည်သူတွေ သွားလာမှုမရှိတဲ့အချိန် သယ်ယူပြီး ကွတ်ခိုင် ရပ်ကွက် ၈ က သစ်စက်ကြီးဘက် သယ်ဝင်တာလို့ သူကပြောပါတယ်။

လက်ရှိ ကွတ်ခိုင်မြို့ကို အုပ်ချုပ်နေတဲ့ TNLA ဘက်ကတော့ မြို့ဝန်းကျင်က ထိန်းတောတွေ လအနည်းငယ်အတွင်း ကုန်လုနီးပါး ခုတ်ပစ်ကာ ရာသီဥတု သိသိသာသာ ပြောင်းလဲလာပေမဲ့ စစ်ဆေးအရေးယူတာမျိုး မတွေ့ရသေးဘူးလို့ သူက ဆိုပါတယ်။

ရပ်မိရပ်ဖတဦးက “အစိုးရစိုက်ထားတဲ့ အပင်တွေပါ။ ကုန်ပြီလေ။ သစ်တောဌာနက စိုက်ထားတာလေ။ ထိန်းတောလို ထိန်းသိမ်းထားတဲ့နေရာ ဆိုပေမဲ့ ဘယ်သူတက်ရင် ဘယ်သူလုပ်စားတာမျိုး နေမှာပေါ့။ ကွတ်ခိုင်မှာ ပူလာပြီ။ ပြောင်ကုန်ပြီ။ အရင်အစိုးရရှိတုန်းက ဒီလိုမလုပ်ဘူး” လို့ ပြောပါတယ်။

အရင်အစိုးရ ခေတ်အဆက်ဆက်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ထိန်းတောင်အဖြစ် ထိန်းသိမ်းလာတာ နှစ်ပေါင်း ၄၀ ခန့်ရှိပြီလို့ ဆိုပါတယ်။

လက်ရှိ ခုတ်ထွင်လိုက်တဲ့ ထိန်းတောတွေကတော့ ကောင်းခါး သွားလမ်းဘက်က ယူလစ်တော၊ ဆစ်ဖြူးရွာဘက်နဲ့ မန်ထမ်ရွာဘက်က ထင်းရှူးတောတွေဖြစ်ကာ ၄ လခန့် အတွင်း ပြုတ်ပြုတ်ပြုန်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013