မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ရုရှားနိုင်ငံကို မနှစ်က သွားရောက်လည်ပတ်ပြီးတဲ့နောက် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုအားကောင်းလာပြီး ရုရှားကိုယ်စားလှယ်အဖွဲ့တဖွဲ့ ပြုံယမ်းမြို့တော်ဆီ ရောက်လာပြီလို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက မေ ၂၁ ရက်မှာ ပြောပါတယ်။
ရုရှားဖက်ဒရေးရှင်းကောင်စီရဲ့ နိုင်ငံတကာရေးရာကော်မတီ အဖွဲ့ဝင်နဲ့ ရုရှား-မြောက်ကိုရီးယား ချစ်ကြည်ရေးပါလီမန်အဖွဲ့ ဥက္ကဋ္ဌ ဂရီဂိုရီ ရာပိုတာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ပြုံယမ်းလေဆိပ်ဆီကို ရောက်လာချိန်မှာ မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရိချိုးက ကြိုဆိုခဲ့ပါတယ်။
ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ပံ့ပိုးပေးထားတဲ့ ဗီဒီယိုကို သီးခြား အတည်မပြုနိုင်ပါဘူး။
ရုရှား ကိုယ်စားလှယ်အဖွဲ့ဟာ မေ ၂၀ ရက်မှာ ရောက်လာတာလို့ KCNA က ပြောပေမဲ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို အသေးစိတ် မဖော်ပြထားပါဘူး။
ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ မေ ၂၄ ရက်အထိ ပြုံယမ်းမြို့တော်မှာ ဆက်နေမယ်လို့ မြောက်ကိုရီးယားနိုင်ငံရှိ ရုရှားသံရုံးက တယ်လီဂရမ် ရုပ်သံလိုင်းကနေ ပြောပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ် နှစ်ဖက်စလုံးဟာ လွှတ်တော်ရေးရာ နှီးနှောဖလှယ်ပွဲတွေနဲ့ နောက်ထပ် ထိတွေ့ဆက်ဆံရေးတွေကို ဖလှယ်ဆွေးနွေးကြမယ်လို့လည်း ဖော်ပြထားပါတယ်။
Source/Photo-Reuters