ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ဒေါနတောင်ခြေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နေ့တိုင်းလိုလို တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အထိနာပြီး တပ်ဆုတ်တာတွေရှိတယ်လို့ ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူးက ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးနဲ့ အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် နေ့တိုင်းလိုလို ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ကျားဖြူစစ်ကြောင်း ဒု-စစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက “တိုက်ပွဲကတော့ နေ့တိုင်းပြင်းတယ်။ ဒီရက်ပိုင်းအတွင်းက စစ်ကောင်စီဘက်ကနေ နည်းနည်းဖိလာတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်ကဆိုရင် တအား တိုက်ပွဲတွေပြင်းထန်တယ်။ ကျနော်တို့ဘက်က ထိခိုက်တာတော့ သိပ်မရှိဘူး။ စစ်ကောင်စီဘက်က အထိအခိုက် အတုံးအရုံး ကျဆုံးတယ်။ သူတို့ တပ်ပြန်ဆုတ်တဲ့ အနေအထားရှိတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နဂါးဖြူတပ်ရင်းက ရဲဘော်တဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
မြေပြင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေ ရှုံးနေပြီမို့ အောင်မြင်ဖို့ လက်တကမ်းတောင် မလိုတော့ဘူးလို့ နဂါးဖြူစစ်ကြောင်း ရှေ့တန်းတပ်ခွဲမှူးတဦးက ပြောပါတယ်။
နဂါးဖြူစစ်ကြောင်း တပ်ခွဲ ၁ ရဲ့ တပ်ခွဲမှူး ဗိုလ်ဆံရှည်က “ပြည်သူလူထုတွေအနေနဲ့ အားမလိုအားမရ မဖြစ်ပါနဲ့။ စစ်ကောင်စီက ရှုံးနေမှန်းသိရဲ့သားနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဆိုက်ဝါးနည်းအမျိုးမျိုးနဲ့ ထိုးမှာပဲ။ ကျနော်တို့ခေါင်းထဲမှာ ထည့်စရာမလိုဘူး။ ကျနော်တို့လုပ်တဲ့ လုပ်ငန်းကို တစိုက်မတ်မတ် လုပ်နေဖို့ပဲ လိုတယ်။ ဒါကို ပြည်သူလူထုတွေ အနေနဲ့ သည်းခံပေးပါ။ မကြာတော့ပါဘူး။ လက်တကမ်းတောင် မရှိတော့ပါဘူးလို့ ပြောချင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက နေ့တိုင်းလိုလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံတွေဟာ စစ်ရှောင်နေတဲ့အတွက် ထိခိုက်သူမရှိပါဘူး။
တိုက်ပွဲအတွင်း KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းဘက်က ၂၀ ကျော်ကျဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အရာရှိစစ်သည်တွေ ထိခိုက်ကျဆုံးမှုကိုတော့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အောင်ခန့်