Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် စားအုန်းဆီတပိဿာ ကျပ် ၁၀,၀၀၀ ထိ ပေးဝယ်နေရ
DVB
·
May 21, 2024
Palm oil_31072023

စားအုန်းဆီရည်ညွှန်းဈေး တပိဿာကို ကျပ် ၅,၂၀၀ လို့ ထုတ်ပြန်ထားပေမဲ့ ရှမ်းပြည်နယ်မှာတော့ ကျပ် ၁၀,၀၀၀ ဈေး ပေးဝယ်နေရပြီး စားအုန်းဆီနဲ့ဆက်စပ်တဲ့ အခြေခံစားကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။

ရန်ကုန်မှာ ဆီတန်းစီတိုးကြတာတွေ ပျောက်ကွယ်သလောက် ဖြစ်သွားပေမဲ့ အဝေးက နယ်မြို့တွေမှာတော့ ဆီခွဲတမ်းမရကြဘဲ ရည်ညွှန်းဈေးထက် ထက်ဝက်နီးပါး ဈေးမြင့်တဲ့ စားအုန်းဆီ တပိဿာကို ကျပ် ၁၀,၀၀၀ နဲ့ ပေးဝယ်နေရပါတယ်။

ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့မှာတော့ အိမ်ထောင်စုတွေအတွက် စားအုန်းဆီခွဲတမ်း မရရှိဘဲ ဒေသထွက် အစားအစာ ထုတ်လုပ်သူတွေကိုပဲ စိစစ်ပြီး စားအုန်းဆီခွဲတမ်း ပေးခဲ့ပေမဲ့ အခုအချိန်မှာတော့ အဲဒီလုပ်ငန်းတွေလည်း ခွဲတမ်းဆီမရတာကြာပြီလို့ သိရပါတယ်။

“အော် မပေးဘူးရှင့်။ အဲလိုမျိုးကျတော့ အကြော်သည်မှ ပေးတာပါ။ လုပ်ငန်းတွေပြမှ ပေးတာပါ။ ပဲဆီကြော်တို့၊ စာကလေးခွေတို့ အဲလိုမျိုးဆိုမှရတာ။ နယ်လည်း အခု ရမှမရတော့တာ၊ ဈေးတွေကတက်တော့ လုံးဝမရတော့ဘူး” လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဆီဈေးက ရည်ညွှန်းဈေးထက် ကျပ် ၅,၀၀၀ နီးပါး ကွာခြားလာတဲ့အတွက် ဒေသတွင်းက သရေစာလုပ်ငန်း၊ လက်ဖက်ရည်ဆိုင်နဲ့ အစားအသောက်လုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်လာပါတယ်။

ဒါ့အပြင် စားသုံးသူတွေမှာလည်း ဝင်ငွေနည်းပါးလာတဲ့အတွက် အရင်လို သုံးစွဲနိုင်တာ မရှိတော့လို့ ဆိုင်အရောင်းပါးပေမဲ့လည်း ဆီဈေးတွေ အဆမတန်မြင့်တက်လာလို့ ဈေးနှုန်းပြင်ရောင်းနေကြရပါတယ်။

ပင်းတယဈေးအနီး လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦးက “တောင်ကြီးကမှာတာ၊ ဒီနားမှာကျတော့ ဈေးကြီးတယ်။ တပိဿာ ၁၀,၀၀၀။ အခု တောင်ကြီးက မှာတာတောင်မှ မရဘူး။ ချက်ချင်းမရဘူးလေ၊ နောက်တပတ်မှရမယ်တဲ့။ မဖြစ်မနေတက်ရတယ်၊ စားသုံးသူလည်းပါးတယ်။ စားသုံးသူလည်း မကိုက်ဘူး၊ ရောင်းတဲ့သူလည်း မကိုက်ဘူး” လို့ ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းဒေသက စားသုံးဆီအတွက် ပန်းနှမ်း၊ ဆီမုန်ညှင်း၊ နေကြာ စတာတွေကို စိုက်ပျိုးစားသုံးလေ့ ရှိပါတယ်။ ဒီလိုစိုက်ပျိုးလေ့ရှိပေမဲ့ လယ်ယာမရှိသူ မိသားစုတွေနဲ့ လက်ဖက်အဓိကစိုက်ပျိုးတဲ့ တောင်တန်းဒေသနေ ပြည်သူတွေမှာ စားသုံးဆီအခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013