Home
မြန်မာသတင်း
စစ်ရှောင်များကိုကူညီရန်နှင့် စစ်ကောင်စီကို အရေးယူပိတ်ဆို့ရန် ဂျပန်အစိုးရကို တောင်းဆို
DVB
·
May 21, 2024
NUG 2152024
NUG 4 2152024
NUG 3 2152024
NUG 2 2152024
NUG 1 2152024

စစ်ဘေးရှောင်ပြည်သူတွေအတွက်  လူသားချင်းစာနာမှုအကူအညီတွေပေးဖို့နဲ့  စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ ဂျပန်အစိုးရကို  တောင်းဆိုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက DVBကို ပြောပါတယ်။

ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း စစ်ကောင်စီအပေါ် ဖိအားပေး အရေးယူပိတ်ဆို့တာတွေ လုပ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ အမြန်ဆုံးကူညီပေးနိုင်ဖို့ တောင်းဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ကျန်းမာရေးဝန်ကြီးဌာနနဲ့  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက DVB နဲ့ သီးသန့်တွေ့ဆုံမှု မှာ ပြောပါတယ်။

ဒေါက်တာဇော်ဝေစိုးနဲ့အတူ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) ၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့က တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်က  ဂျပန် လွှတ်တော်ဆိုင်ရာ နိုင်ငံခြားရေးဒုတိယဝန်ကြီး နဲ့ တွေ့ဆုံခဲ့ကြတာပါ။ မေ ၁၉ ရက်နေ့မှာတော့  တိုကျိုမြို့မှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီထံ ဝင်ငွေတွေ မစီးဆင်းဖို့ ဂျပန်အစိုးရတာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံတဝန်း စစ်ဘေးရှောင်ပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဒေါက်တာဇော်ဝေစိုးက “ဂျပန်အနေနဲ့ စကစအပေါ်မှာ ဖိအားပေးတာ ဆန်ရှင်လုပ်တာ စီးပွားရေးအရ ငွေကြေးအရဖြတ်တောက်တာ ဂျပန်ကုမ္ပဏီတွေမှာ ဟိုဘက်မှာလုပ်နေတာတွေ ရပ်ပြစ်ဖို့လိုတယ်။ဒါမှသာ စကစ ဆီ ဝင်ငွေမသွားမှာပေါ့။ အဲ့ဒါအပြင် လေယာဉ်ဆီတွေ မရောက်အောင်လုပ်ပေးဖို့လိုတယ်။ လူသားချင်းစာနာမှုအကူအညီတွေလုပ်ပေးဖို့လိုတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ အရေးနိမ့်ပြီး တော်လှန်ရေးတပ်တွေ စိုးမိုးလာနိုင်တဲ့ ကရင်နီ၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းက ကျောင်းတွေမှာ မိုင်းရှင်းလင်းရေးအကူအညီတွေရဖို့နဲ့ အွန်လိုင်းပညာရေးအထောက်အကူတွေရဖို့ အခုခရီးစဉ်အတွင်း တောင်းဆိုခဲ့တယ်လို့ သိရပြီး ရေရှည် ခိုင်မာတည်တံ့တဲ့ ပညာရေးနဲ့ ကျန်းမာရေးအထောက်အကူတွေ ရဖို့လဲ ဂျပန်ခရီးစဉ်ကနေ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးက မျှော်လင့်နေပါတယ်။

ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “အခုလိုမျိုး တော်လှန်ရေးကာလပညာရေးထောက်ပံ့မှု အသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ကာလ ပညာရေးထောက်ပံ့မှုတွေရမှသာ ကျနော်တို့နိုင်ငံဟာ Sustainable ဖြစ်ပြီး ခိုင်မာတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအနေနဲ့အေးချမ်းသာယာတဲ့နိုင်ငံဖြစ်မှာ။ အဲ့လ်ုဖြစ်ဖို့  တကယ်အရေးအကြီးဆုံး နောက်နှစ်များစွာ အဓွန့်ရှည်မယ့် ကူညီမှုမျိုးက ပညာရေးကူညီမှုနဲ့ ကျန်းမာရေးကူညီမှုတွေလိုအပ်တယ်ဆိုတာ တောင်းဆိုချင်ပါတယ်”လို့ ပြောပါ့တယ်။

ဒေါက်တာဇော်ဝေစိုးနဲ့အတူ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF အတွင်းရေးမှူးတို့ဟာ မေ ၁၅ ရက်က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ဂျပန်လွှတ်တော်အမတ်တွေ ၊သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရလို့ နွေဦးတော်လှန်ရေးအဖူးအပွင့်တွေ တွေ့မြင်ရပြီလို့လည်း ပြောခဲ့ပါတယ်။

ဇော်ဇော်လှိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013