Home
မြန်မာသတင်း
မူဆယ်မြို့ ကုန်သွယ်ရေး တနိုင်တပိုင်ကုန်သယ်ယူမှု အခြေအနေကို ပြောင်းလဲ
DVB
·
May 21, 2024
MuSeBorderGate_21052024

မူဆယ်မြို့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအခြေအနေဟာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေမှုကြောင့် တနိုင်တပိုင် ကုန်သယ်ပြီး ရောင်းဝယ်ဖောက်ကားတဲ့ အခြေအနေကို ပြောင်းလဲသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကစပြီး ရပ်တန့်နေတဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး မူဆယ်မြို့ထဲ တရုတ်ဘက်က ကုန်ကားကြီးတွေ သွားလာမှု လုံးဝပြတ်တောက်နေပြီး ပြည်မတွေထဲက ကုန်စည်တွေလည်း ဝင်ရောက်မှု ရပ်တန့်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ခံထားရတဲ့အတွက် တရုတ်-မူဆယ် လူဝင်ဂိတ်တွေဖြစ်တဲ့ ဆင်ဖြူပေါက်နဲ့ နန်းတော်ပေါက်ဂိတ်တွေကနေ တနိုင်တပိုင် ကုန်သယ်ယူရ ရောင်းဝယ်ဖောက်ကားနေကြတယ်လို့ နယ်စပ် ကုန်သည်တဦးက  DVB ကို ပြောပါတယ်။

“စာအုပ်အနီရှိတဲ့သူတွေ နမ့်ခမ်းနဲ့ မူဆယ်ဘက်က လူတွေက ကိုယ်ပိုင်ဆိုင်ကယ်နဲ့ သယ်တာ ရှိတယ်။ ဘက်ထရီဘီးတွေနဲ့ပေါ့ ကားက light truck လို ကားမျိုးတော့ မရဘူး။ Alphard လို အိမ်စီးကားတော့ ရတယ်။ နောက်တခုက လက်တွန်းလှည်းဆိုလည်း ကီလို ၂၀၀ ၊ ၃၀၀ ထိ သူတို့က တင်ပြီးဆွဲလို့ရတယ်၊ အခုကကျတော့ နှစ်နိုင်ငံ ကုန်သွယ်မှုပုံစံမျိုး မဟုတ်ဘဲနဲ့ သီးကား အသေးလေးတွေနဲ့ပဲ နားလည်မှုနဲ့သယ်နေကြတယ်။ အရင်တုန်းက ကျနော်တို့က သားငါးတွေ သယ်ခွင့်မရှိဘူး။ အခုနောက်ပိုင်းကတော့ ဗမာပြည်မနဲ့ လုံးဝ ပြတ်တောက်သွားတော့ အသားငါးတွေရော အသီးအရွက်တွေရော တရုတ်ဘက်ကနေမှာ သယ်သယ်ပြီးရောင်းနေတာပေါ့ အဲဒီလိုမျိုး။”

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ တရုတ်ဘက်က ကုန်သွယ်မှုဆိုင်ရာ အခြေအနေတွေကို ပိတ်ဆို့ကန့်သတ်လိုက်တာကြောင့်လည်း ဖြစ်ပြီး ဆိုင်ကယ်နဲ့ ကားသေး အစီးရေ ၁၀၀၀ ကျော်လောက် နေ့စဉ်  ဖြတ်သန်း ကုန်သယ်ယူနေကြပြီး ဖြတ်သန်းခအဖြစ် စစ်ကောင်စီဘက် တာဝန်ရှိသူတွေကို ကျပ် ၁၀,၀၀၀ ဝန်းကျင်ပေးရတယ်လို့ ပြောပါတယ်၊

ဒီအခြေအနေတွေကြောင့် ဒေသခံတွေအနေနဲ့ကတော့ ကုန်ဈေးနှုန်း ကြီးမြင့်လာသလို အလုပ်အကိုင်တွေ ရရှိလာကြတယ်လို့ ပြောပါတယ်။ တဖက်မှာလည်း မူဆယ် မန္တလေးလမ်းမကြီးက ပိတ်ထားဆဲ ဖြစ်တဲ့အတွက် လားရှိုးဘက်က သယ်ယူပို့ဆောင်ရတဲ့ ကုန်ပစ္စည်းသယ်ပို့ခတွေလည်း အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

“တရုတ်ငွေဈေး မြင့်လာတာ၊ မြန်မာငွေဈေး မြင့်လာတာကလည်း အကြောင်းတခုဖြစ်သလို အဲဒီလိုမျိုး သယ်တာ လုပ်တဲ့သူတွေ လူပေါင်း တထောင်၊ ထောင့်ငါးရာလောက်ကတော့ အလုပ်ရသွားတာပေါ့။ တဖက်မှာကျတော့ ကုန်ဈေးနှုန်းက ပိုပြီးကြီးမြင့်သွားတယ်၊ သယ်ယူရတာ ပိုခက်သွားတယ်။ အဲဒီမှာ ပို့တဲ့အခါကျလည်း ၁၃၅ မျိုးသော ကုန်ပဲ သယ်လို့ရတယ် ဆိုတော့ တခြားကုန်တွေက သယ်လို့မရဘူး ဖြစ်တယ်။ ကုန်ဈေးနှုန်းတွေကတော့ မြင့်လာတယ်၊ ဒီဘက်မှာ ဆန်တအိမ်ကို လားရှိုးနဲ့ မူဆယ် သယ်ယူစရိတ်က တအိမ်ကို ၆၀၀၀၀ အရင်ကဆို တသိန်းကျော်တောင် ရှိတယ်၊ ဒါတောင် ငါးအိတ်လောက်ပဲ တင်လို့ရတယ်။”

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ နယ်စပ်ဂိတ်နဲ့ မြို့ပေါင်း ၂၀ ဝန်းကျင်ကို သိမ်းယူခဲ့ပြီး ၂၀၂၄ ဇန်နဝါရီမှာတော့ တရုတ်ကြားဝင်စေ့စပ်မှုနဲ့ အတူ ဟိုင်ဂင် သဘောတူညီချက်အရ ရခိုင်ပြည်နယ် မပါဘဲ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးစခန်း ၅ ခုရှိတဲ့အထဲ မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးစခန်းရဲ့ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုပမာဏက အများဆုံးဖြစ်ပြီး ၂၀၂၃ ဧပြီကနေ စက်တင်ဘာအထိ ပို့ကုန်တန်ဖိုး ၉၃၁ သန်းကျော်၊ သွင်းကုန်တန်ဖိုး ၃၇၈ သန်းကျော် ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013