ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာမှာ တမိနစ်အတွင်း ဆိုင်ကယ်ခိုးသွားတဲ့ မြန်မာအမျိုးသား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က မေ ၂၁ ရက်မှာ ဖမ်းဆီးလိုက်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားပါတယ်။
အဆိုပါရွှေ့ပြောင်းမြန်မာနိုင်ငံသား နှစ်ဦးဟာ မြဝတီမြို့ဘက်မှ မဲဆောက်မြို့ရပ်ကွက်နေရာ အသီးသီးမှာ ပြောင်းရွှေ့နေထိုင်ပြီး မဲဆောက်မြို့ရှိ ဆဲဗင်းကုန်စုံဆိုင်၊ စနေဈေး၊ သောကြာဈေးအပြင် အခြားဈေးရှိနေရာတွေကို နေ့စဉ် ဆိုင်ကယ်ခိုးကြောင်း၊ ခိုးတဲ့အချိန်မှာ တဦးက လမ်းကြည့်လုံခြုံရေးယူထားပြီး နောက်တဦးကတော့ ဆိုင်ကယ်ကို မိနစ်အတွင်း ထိုးဖောက် နိုးစက်နဲ့ ခိုးလေ့ရှိကြောင်း အဖမ်းဆီးခံရသူ ဆိုင်ကယ်ခိုးသမားက ထွက်ဆိုထားပါတယ်။
ဆိုင်ကယ်ကောင်းလျှင် ဘတ် ၁ သောင်းကျော်၊ သိပ်မကောင်းတဲ့ ဆိုင်ကယ်ကတော့ ၅ ထောင်၊ ၈ ထောင်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရပ်ကွက်တခုမှာ သွားရောင်းတယ်လို့ ဆိုပါတယ်။
မဲဆောက်မြို့ဟာ နယ်စပ်နဲ့နီးတဲ့အတွက် ခိုးမှုပပျောက်ရေး၊ တရားမဝင် မူးယစ်ဆေးအပါအဝင် တရားမဝင် ဝင်ရောက်တာတွေကို ထိန်းချုပ် ဖမ်းဆီးဖို့ အမှတ် ၆ ရဲမှူးချုပ် ညွှန်ကြားထားတာကြောင့် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့အခြားဌာနဆိုင်ရာတွေပူးပေါင်းပြီး တင်းကျပ် စစ်ဆေးဖမ်းဆီးနေတာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဖမ်းဆီးမိတဲ့ ဆိုင်ကယ်ခိုးသူ ၂ ဦးကိုလည်း ထိုင်းနိုင်ငံ တရားဥပဒေအတိုင်းအရေးယူ ဆောင်ရွက်သွားမယ်လို့ မဲဆောက်မြို့မရဲစခန်းမှူး ဗိုလ်မှူးကြီး ဖိထယားကော ဖစ်ချရတ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာ ဆိုင်ကယ်တွေ မကြာခဏ ပျောက်ဆုံးနေပြီး ပြန်လည်ဖမ်းဆီးရမိဖို့ ရာခိုင်နှုန်းနည်းပါးကြောင်း၊ ဖမ်းမိတဲ့ ဆိုင်ကယ်ခိုးသူ ၂ ဦးဟာလည်း မြဝတီမြို့ဘက်မှ မဲဆောက်မြို့ကို မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် ၁ ဘက်မှ လာရောက်ခြေချပြီး လူစည်ကားနေရာတွေမှာ ဆိုင်ကယ်ခိုးယူနေတာလို့ ဆိုပါတယ်။