Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့်ယာဉ်တန်း တိုက်ခိုက်ခံရ
DVB
·
May 21, 2024
473273-COVID-19-Mandalay-test-1-730x365

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တုံးဗျောကြီးစခန်းမှ လသာရွာဘက် ခြေလျင်တက်လာတဲ့ စစ်ကောင်စီလမ်း ကင်းအဖွဲ့ကို မေ ၂၀ ရက် မနက် ၆ နာရီခွဲလောက်က အင်းဝတံတားအနီးမှာ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပုလောပကဖအဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဆိုပါနေ့ မနက် ၁၁ နာရီခွဲမှာလည်း မြိတ်ဘက်ကလာတဲ့ စစ်ကောင်စီ ကား ၁၁ စီးပါ ယာဉ်တန်းကို လသာရွာအနီးမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ ကား ၂ စီး ထိခိုက်ပျက်စီးခဲ့ပြီး ရှေ့ဆက်မသွားဘဲ တပ်ရင်းကို ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ မွန်းတည့် ၁၁ နာရီ ၅၅ မိနစ်ခန့်မှာ အဆိုပါယာဉ်တန်းကို ကန်းတိုရွာအနီးမှာ တနင်္သာရီရိုးမအဖွဲ့က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၂ နာရီကျော်လောက်မှာလည်း ဘန်းလမွတ်ရွာအနီးမှာ တောပုန်းကြီးအဖွဲ့က ဆက်လက် မိုင်းဆွဲတိုက်ခိုက်တယ်လို့ ပြောပါတယ်။

မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “မနေ့က ၁၁ စီးမှာ မိုင်းဆွဲတိုက်ခိုက်တာမှာ ၂ စီး ပြန်လှည့်ဆင်းသွားတယ်။ ၉ စီးက ဘုတ်ပြင်းဘက် ထွက်လာတာပါ။ စစ်ကားတွေရော ကျောက်ကားတွေရောနဲ့ အတူဆင်းလာတာ။ ဘုတ်ပြင်းဘက် ရိက္ခာပို့တာထင်တယ်” လို့ ပြောပါတယ်။

မေ ၂၁ ရက် မနက် ၆ နာရီလောက်ကလည်း တနင်္သာရီဘက်ကနေ ဇဝဲတပ်ရင်းကို ထွက်ခွာလာတဲ့ စစ်ကောင်စီကား ၇ စီးပါ ယာဥ်တန်းကို ရမ်းဖိုရွာက ဆီအုန်းတောနားမှာ ဗိုလ်ခရင်းတပ်ဖွဲ့ကနေ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိုင်းဆွဲခဲ့တာကြောင့် ကား ၃ စီး ရပ်နားလိုက်ရတယ်လို့ ပြောပါတယ်။

ဗိုလ်ခရင်းတပ်ဖွဲ့ဝင်တဦးက “အဲ့ကားတွေက မ‌နေ့က ဘုတ်ပြင်းတက်သွားတဲ့ ကားတွေပဲ။ မိုင်းခွဲတာက ဆီအုန်းတော တောင်ဆင်းနားမှာပါ။ ကားတော့ ချက်ချင်းထိုးရပ်တာမဟုတ်ဘဲ တံတားမှာ ရပ်သွားတာပါ။ ထိုးရပ်ပြီးတော့ သူတို့မှာ လူအင်အားများတော့ အတင်းဝင်ပစ်လို့ မရအောင် သူတို့က နေရာယူပြီး ပြန်ပစ်တယ်။ ၁၀၀ လောက်ရှိမယ်၊ ကားတစီးကတော့ အောက်တပိုင်းလုံး ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

မိုင်းထိမှန်ပြီးနောက် စစ်ကောင်စီယာဥ်တန်းမှာပါတဲ့ ကား ၃ စီးမှာ ထိခိုက်ပျက်စီးမှု ရှိခဲ့တဲ့အတွက် ရမ်းဖိုတံတားပေါ်မှာ ရပ်နားလိုက်ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှိနိုင်တဲ့ဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သေးတယ်လို့ ပြောပါတယ်။

“ကား ၃ စီးမှာ တစီးထိတာပါ။ ကားတော့ ပြင်ဝန်းက ကားတွေခေါ်ပြီး လာယူသွားပြီ။ မနက်တုန်းက ဟိုဘက်ကလာတဲ့ကားတွေ ရမ်းဖိုမှာ ပေးမဖြတ်ဘူး။ အခုတော့ ဖြတ်ရသွားပြီ။”

ပြီးခဲ့တဲ့ မေ ၁၉ ရက်ကလည်း စစ်ကောင်စီခြေလျင်စစ်ကြောင်း ဘန်းလမွတ်ရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရသလို ရမ်းဖိုရွာ ဘုန်းကြီးကျောင်းအနီးမှာ ရပ်နားစဥ်မှာလည်း ဗိုလ်ခရင်းတပ်ဖွဲ့က သေနတ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၂ ဦး သေဆုံးခဲ့သေးတယ်လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲပြန်ပြင်းထန်လာနိုင်တဲ့အတွက် ခရီးသွားပြည်သူတွေ သတိထား သွားလာကြဖို့နဲ့ စစ်တပ်နဲ့ အနီးကပ်သွားလာတာ မလုပ်ကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

မေ ၁၉ ရက် မွန်းလွဲ ၂ နာရီလောက်ကလည်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီအင်အား ၃၀ လောက်ရှိတဲ့ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဗထူးတပ်က ပြောပါတယ်။

ဒါ့အပြင် သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို လာရောက်ကောက်ယူတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မေ ၂၀ ရက် မနက် အစောပိုင်းမှာ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဗထူးတပ်မတော် တာဝန်ရှိသူတဦးက “ဘုရားမဲစစ်ဆေးရေးဂိတ်ကို ကျနော်တို့ အလစ်အငိုက် ဝင်ပစ်တာ၊ စစ်သား ၂ ဦးသေပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ ပစ်ခံရပြီး စခအလောင်းကို လာသယ်တဲ့ စစ်ကြောင်းကို ဖြတ်တိုက်တာ ၂ ဦးသေသွားတယ်။ အလောင်းလာသယ်တဲ့ စစ်ကြောင်းက အင်အားများတယ်ဆိုပေမဲ့ ညသန်းခေါင်ကြီးဆိုတော့ အတိအကျတော့ ပြောလို့မရဘူး” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ သွားလာဖို့နဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကြိုတင်ပြင်ဆင်ထားကြဖို့ ဗထူးတပ်မတော်က တိုက်တွန်းပါတယ်။

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆၊ တပ်ရင်း ၂၇ နဲ့ ဗထူးတပ်မတော်တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်ကလည်း ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013