ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ ကလေးအပါအဝင် လူ ၄၅ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ အကူအညီပေးတဲ့ ပရဟိတအဖွဲ့ဝင်တွေဆီက သိရပါတယ်။
မေ ၂၁ ရက် နေ့လယ် ၁ နာရီလောက်က လပွတ္တာမြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဝေပေးတဲ့ ထမင်းထုပ်ကို အလုပ်သမားတွေ အိမ်ပြန်ယူပြီး စားရာက မိသားစုဝင်တွေပါ အစာအဆိပ်သင့်မှု ဖြစ်ခဲ့တာပါ။
အစာအဆိပ်သင့်သူတွေဟာ လပွတ္တာမြို့၊ ချောင်းကလေး အမှတ် ၉ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်တို့ကဖြစ်ပြီး လူကြီး ၃၄ ယောက်နဲ့ ကလေးငယ် ၁၁ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
“ကလေးတွေရော အမျိုးသမီးတွေရော ပါတယ်။ သူတို့က အလုပ်ဆိုဒ်ထဲက ပေးလိုက်တဲ့ ထမင်းဘူးကို ယူလာပြီးတော့ အိမ်မှာ မျှစားကြတော့ ဖြစ်ကြတာပေါ့။ အခြေအနေကတော့ မစိုးရိမ်ရပါဘူး။ ဘယ်လိုကနေ စဖြစ်တယ်တော့ မသိဘူးပေါ့။ လောလောဆယ်တော့ ရန်ကုန်ဓာတ်ခွဲဌာနကို ပို့ထားတယ်။ စားတာကလည်း ဘဲဥငံပြာရည်ချက်နဲ့ ထမင်းနဲ့ပါပဲ” လို့ အကူအညီပေးသူ ပရဟိတသမားက ပြောပါတယ်။
အစာအဆိပ်သင့်လူနာတွေဟာ လပွတ္တာခရိုင် ခုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေပြီး သက်သာသူတချို့ကိုတော့ ဆေးရုံက ပေးဆင်းနေပြီလို့ သိရပါတယ်။