Home
နိုင်ငံတကာ
ထိုင်းအထက်လွှတ်တော် အမတ်ရွေးကောက်ပွဲ  လျှောက်ထားသူ ၃၀၀၀၀ ကျော်ရှိ 
DVB
·
May 21, 2024
thai 2152024

ထိုင်းနိုင်ငံမှာ အရင်စစ်ကောင်စီအစိုးရလက်ထက် ခန့်ထားခဲ့တဲ့ အထက်လွှတ်တော်အမတ် အယောက်  ၂၅၀ သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် နောက်ထပ် အထက်လွှတ်တော်အမတ် ရွေးချယ်တင်မြှောက်ဖို့ ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ အထက်လွှတ်တော်အမတ်မှာ အမှတ်စဉ် ၁၂ ဖြစ်ပြီး ဒီနှစ် မေလ ၁၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးသွားတာကြောင့် အမှတ်စဉ် ၁၃ အတွက် ရွေးချယ်တင်မြှောက်ဖို့ရှိနေတာပါ။ 

အမှတ်စဉ် ၁၂ က အထက်လွှတ်တော်အမတ်တွေကို ဗိုလ်ချုပ်ကြီးပရာယုဒ်ကျန်အိုးချား ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တွေက သူတို့ သင့်တော်မယ် ထင်တဲ့သူတွေကို ရွေးချယ်တာဝန်ပေးခဲ့တာဖြစ်ပြီး ၂၅၀ ဦးရှိခဲ့ပေမယ့် ခုလာမယ့် အမှတ်စဉ် ၁၃ မှာတော့ အယောက်  ၂၀၀ ဦးသာခန့်မှာဖြစ်ပြီး လျှောက်ထားသူတွေအချင်းချင်း ပြန်လည်ရွေးချယ်ရမှာ ဖြစ်ပါတယ်။ 

အထက်လွှတ်တော်အမတ် လျှောက်လွှာ ၁ စောင်လျှင် ဘတ် ၂၅၀၀ ကျသင့်ပြီး ဝယ်ယူထားသူ ၅၀၀၀၀ ကျော်ရှိခဲ့ပေမယ့်  မေလ ၂၀ ရက်နေ့ထိ လျှောက်လွှာတင်လာတာတော့ ၃၄၈၄၇ ဦးသာရှိသေးတယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ 

သက်ဆိုင်ရာမြို့နယ်ရုံးမှာ ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားကို မနေ့က စတင်ခဲ့ပြီး  စစချင်းပထမနေ့မှာပဲ နေရာအတော်များများမှာ ကွန်ပျူတာစနစ် ပြိုလဲမှုပြဿနာ ရှိခဲ့တယ်၊ အကြောင်းရင်းမှာ လူတဦးချင်းစီရဲ့  အထောက်အထား အလွန်များပြီး ကွန်ပျူတာထဲ စာရင်းသွင်းရတာကြာမြင့် တကြောင်း၊ လျှောက်ထားသူရဲ့ အချက်အလက် မပြည့်စုံတာတွေက တကြောင်း၊ အင်တာနက်ပြတ်တောက်မှုတွေကြောင့် ထင်သလောက် အလုပ်မပြီးမြောက်ဘူးလို့ တာဝန်ကျဝန်ထမ်းတွေက ပြောပါတယ်။ 

လူကိုယ်တိုင် လာရောက်စာရင်းသွင်းတာကို တနိုင်ငံလုံးရှိ မြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာ မေ ၂၀ ရက်မှ မေလ ၂၅ ရက်အထိ ဆောင်ရွက်ပေးနေတာပါ။ 

မြို့နယ်အဆင့် ရွေးကောက်ပွဲကို ဇွန် ၉ ရက်မှာ လည်းကောင်း၊ ခရိုင်အဆင့်ကို ဇွန် ၁၆ ရက်မှာ လည်းကောင်း၊ နိုင်ငံအဆင့်ကို ဇွန် ၂၆ မှာလည်းကောင်း အသီးသီးကျင်းပပြီး လာမယ့် ဇူလိုင် ၂ ရက်မှာတော့  ရွေးကောက်တင်မြှောက်ခံရတဲ့ အထက်လွှတ်တော်အမတ် ၂၀၀ ဦး အမည်စာရင်းကို ထုတ်ပြန်ကြေညာမယ်လို့  ဆိုပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသူတွေဟာ ထိုင်းနိုင်ငံမှာမွေးဖွားတဲ့ ထိုင်းနိုင်ငံသား စစ်စစ်ဖြစ်ရမယ်၊ အသက် ၄၀ နှစ်အထက်ရှိရမယ်၊ သတ်မှတ်ထားတဲ့ လုင်ငန်းအမျိုးအစား ၂၀ မျိုးထဲမှာ ၁၀ နှစ်အထက် လုပ်သက်ရှိခဲ့ဖူးးပြီး အဲဒီလုပ်ငန်းမှာ ကျွမ်းကျင်သူဖြစ်ရမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိနိုင်ငံရေးပါတီဝင်မဖြစ်ရ၊ အစိုးရဝန်ထမ်း မဟုတ်ရ၊ သာသနာ့ဘောင်ထဲက ( ရဟန်းသံဃာ ) မဖြစ်ရ၊  ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း လွှတ်တော်အမတ် မဖြစ်ခဲ့ရ ၊  လက်ရှိလွှတ်တော်အမတ်ရဲ့ ဇနီး/ခင်ပွန်း/သားသမီး / မိသားစုဝင်မဖြစ်ရ၊  ရာဇဝတ်မှု ပြစ်ဒဏ် တစုံတရာရှိခဲ့ဖူးသူ မဖြစ်ရ၊  တံစိုးလက်ဆောင် လက်မခံရ ၊ သတ်မှတ်ထားတဲ့ အရည်အချင်းမပြည့်မီဘဲ လျှောက်ထားပါက ရွေးကောက် ပွဲဥပဒေအရ အပြစ်ပေးခံရမယ်လို့ ပါရှိပါတယ်။

အထက်လွှတ်တော်အမတ်ရွေးကောက်ပွဲမှာ လုပ်ငန်းအမျိုးအစားအလိုက် အုပ်စု ၂၀ စု ခွဲထားပြီး မြို့နယ်၊ ခရိုင်၊ နိုင်ငံ အဆင့်ဆင့် ရွေးကောက်သွားမှာဖြစ်ပါတယ်။ အောက်ခြေအုပ်စုဝင်ကစ အချင်းချင်းရွေးကောက်တင်မြှောက်ပြီး နိုင်ငံအဆင့်ထိ အရွေးခံရသူတွေဟာ အထက်လွှတ်တော်အမတ်ရာထူးရနိုင်ခြေ အများဆုံးဖြစ်ပါတယ် ။ 

ထိုင်းနိုင်ငံရဲ့ အထက်လွှတ်တော်အမတ် တဦး လစာမှာ ဘတ် ၁၁၃၅၆၀ ဖြစ်ပြီး အစည်းအဝေးတက်ခ ၊ ခရီးသွားလာစရိတ်နဲ့ အခြားဝန်ဆောင်မှုစရိတ်တွေလည်း ရဉီးမှာဖြစ် ပါတယ်။ 

ဒီတခေါက် အထက်လွှတ်တော်အမတ်တွေထဲမှာ ပြည်သူကရွေးကောက်လိုက်တဲ့ ပြည်သူ့အထက် လွှတ်တော်အမတ်များများပါဝင်နိုင်ဖို့ တောင်သူလယ်သမား၊ အလုပ်သမားခေါင်းဆောင်တွေ များများလျှောက်ထားကြဖို့  FFP အနာဂတ်သစ်ပါ ခေါင်းဆောင် ထနားထွဏ်း  ကျစ်ရုန့်ရိန်းကစ်က  ကွင်းဆင်းပညာပေးပြီး တိုက်တွန်းထားပါတယ်။ 

Source: Thairath

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013