Home
မြန်မာသတင်း
ရွှေဆိုင်များတွင် ပေါင်နှံရောင်းချသူများလာ၊ ရွှေရောင်းချမှု ယခင်နှစ်ထက် ၅၀ ရာနှုန်း ကျဆင်း
DVB
·
May 21, 2024
Gold_21052024

ဧရာဝတီတိုင်းတွင် ကုန်ဈေးနှုန်းများမြင့်လာတာကြောင့် ၂ လအတွင်း ရွှေပေါင်နှံသူတွေနဲ့ လာရောက်ရောင်းသူ များလာတာကြောင့် ရွှေဆိုင်တွေမှာ ရွှေရောင်းချမှုဟာ ပြီးခဲ့တဲ့နှစ်တွေကထက် ၅ဝ ရာနှုန်း ကျဆင်းသွားတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

ပုသိမ် ရွှေဆိုင်ပိုင်ရှင်တဦးက “အရင်နှစ်တွေက ဒီလို နွေစပါးတွေပေါ်ချိန်ဆိုရင် တအားရောင်းရတယ်။ အခုဆိုရင် အရင်နှစ်တွေကလောက် မရောင်းရဘူး။ တဝက်နီးပါးကို ကျသွားတယ်။ ဒါတွေက စီးပွားရေးအကျပ်အတည်းကြောင့် ဖြစ်မယ်ထင်တယ်” လို့ ပြောပါတယ်။

အခုနှစ်အတွင်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်တာ၊ စီးပွားရေးကျပ်တည်းလာတာနဲ့ ငွေကျပ်တန်ဖိုးကျဆင်း လာတာတို့ကြောင့် ရွှေဆိုင်တွေမှာ ရွှေပေါင်နှံသူ များလာသလို ပေါင်နှံပြီးနောက် ပြန်မရွေးနိုင်သော အခြေအနေတွေလည်း ရောက်ရှိနေကြတယ်လို့ မအူပင်မြို့နယ်မှ ပွင့်လင်း ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“ကုန်ဈေးနှုန်းတွေ အရမ်းတက်တဲ့အခါကျတော့ လူတွေက စားဝတ်နေရေးအခက်ခဲဖြစ်ကြတယ်။ ဒါကြောင့် ရွှေတွေကို ဝယ်တာထက်စာရင် ပေါင်တာတွေများလာတယ်။” 

ဧရာဝတီတိုင်း ရွှေဆိုင်တွေမှာ အခုလအတွင်း တနေ့ကို ကျပ်သိန်း ၇ဝဝ ခန့်အထိ ရွှေလာရောက်ပေါင်နှံသူတွေနဲ့ ရောင်းချသူတွေ ရှိလာတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

လက်ရှိမှာ ၁၆ ပဲရည် ရွှေတကျပ်သားကို ကာလပေါက်ဈေး ကျပ် ၄၅ သိန်းခန့်နဲ့ ၁၅ ပဲရည် ရွှေတကျပ်သားကို ၄,၃၅၀,၀၀၀ သိန်းအထိ အသီးသီးရှိနေကြောင်း သိရပါတယ်။

Photo - တော်ဝင် + မင်းမင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013