ရန်ကုန်တိုင်း၊ လှည်းကူးမြို့ရှိ ရန်ကုန်စက်မှုဇုန်ကို သွယ်တန်းထားတဲ့ အမိုးနီးယားဓာတ်ငွေ့ပိုက်လိုင်းမှာ မေလ ၂၁ ရက် ဒီနေ့ မွန်းလွဲပိုင်းက ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
လှည်းကူးမြို့၊ ဆင်ဖုံကျေးရွာကနေ ရန်ကုန်စက်မှုဇုန်ကို သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းမှာ ဒီနေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်က ယိုစိမ့်မှုဖြစ်ပွားခဲ့တယ်လို့ ဆင်ဖုံရွာနေသူတဦးက ပြောပါတယ်။
"နေ့လယ် ၁ နာရီခွဲလောက်ကပေါ့။ လေတွေ တအားတိုက်တော့ ဓာတ်ငွေ့တွေက စက်ရုံအပြင်ဘက်ထိ ထွက်တာပါ။ ဇေကမ္ဘာအနောက်ဘက် လှည်းကူး ဆင်ဖုံရွာမှာပါ။ အမိုးနီးယား ယိုစိမ့်တာပါ" လို့ ပြောပါတယ်။
ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် မြောက်ပိုင်းခရိုင်အပါအဝင် ကျောက်တံတား၊ မြောက်ဥက္ကလာပ၊ လှည်းကူး၊ မင်္ဂလာဒုံမီးသတ်စခန်းတွေက LUF 60 ယာဉ်အပါအဝင် မီးသတ်ယာဉ်တွေနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၅၄ မိနစ်မှာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၁၂ ရက် ညပိုင်းကလည်း လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းမှာရှိတဲ့ ရေခဲစက်အတွင်း အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားမှုကြောင့် ဒေသခံတချို့ မူးမိုက်တာတွေ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Photo - ဒေသခံ