Home
မြန်မာသတင်း
စစ်မှုထမ်းစာရင်းထဲ ပါဝင်သူအချို့ တိမ်းရှောင်နေသဖြင့် မိသားစုဝင်များ ဖိအားပေးခံရ
DVB
·
May 21, 2024
mili 2152024

စစ်မှုထမ်းစာရင်း ကောက်ယူခံထားရသူတွေထဲက တချို့ဟာ တိမ်းရှောင်သွားတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက မိသားစုဝင်တွေကို ဖိအားပေးတာ၊ နောက်ထပ် လူစာရင်းထပ်ဖြည့်တာတွေ လုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

ကနဦး စစ်မှုထမ်းစာရင်း ကောက်စဥ်ကတည်းက အမည်စာရင်း ပါဝင်ခဲ့သူတချို့ကို နောက်အပတ်စဥ်တွေအတွက် စေလွှတ်ဖို့ လူစုရာမှာ ပျောက်နေသူတွေရှိတာကြောင့် အုပ်ထိန်းသူတွေကို အပြစ်ရှာ ဖိအားပေးတာတွေ ရှိနေတာလို့ ဆိုပါတယ်။

မှော်ဘီမြို့နယ်၊ ရဲဘော်စျေးမှာ နေထိုင်သူတဦးက “စာရင်းထဲပါသူတွေထဲက သင်တန်းပို့ဖို့ လျာထားသူတွေတချို့ မရှိလို့ မိဘတွေကို ပြန်ခေါ်ခိုင်းတာ၊ ပြန်မလာရင် မိဘကို တရားစွဲမယ်ဆိုပြီး ရပ်ကွက်ရုံးက ခြိမ်းခြောက်တာတွေ လုပ်နေတယ်။ အဲဒီ တိမ်းရှောင်သွားတဲ့သူအစား နောက်လူတွေစာရင်း ထပ်ကောက်ပြီး အစားထိုးတယ်။ တနေ့ကမှ အစည်းအဝေးခေါ်တာ။ အခုစာရင်းထပ်ကောက်တဲ့သူတွေပါ ခေါ်တဲ့အချိန် မရှိရင် အရေးယူမယ် ဘာညာဆိုပြီး ပြောတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်မှုထမ်းစာရင်းကောက်ရာမှာ လက်ရှိ ကျောင်းတက်နေသူတွေကိုလည်း ကင်းလွတ်ခွင့်မပေးဘဲ ဆင့်ခေါ်စာပေးပို့ပြီး ရွေးချယ်ခံရရင် သွားရောက်စစ်မှုထမ်းရမယ်ဆိုပြီး အကျပ်ကိုင်တာတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်သူတဦးက “အိမ်ကတူက အသက် ၁၈ နှစ်ပြည့်ပြီးပြီ။ ဆယ်တန်းကျထားတာကို ဒီနှစ်ပြန်ဖြေမှာ။ အဲဒါကို လက်မခံဘူး၊ စာရင်းယူသွားတယ်။ စာရင်းထဲပါသူတွေထဲကနေမှ ကြိုက်တဲ့သူ ရွေးခေါ်မှာလို့ ပြောတယ်” လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့ရှိ မြို့နယ်တချို့မှာ စစ်မူထမ်း တတိယအပတ်စဥ်အတွက် လူစာရင်း ကောက်ယူတာတွေ ဆက်လက်လုပ်ဆောင်နေပြီး အသက်မီတဲ့ လူငယ်တွေနဲ့ မိဘတွေကြား စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။

စစ်မှုထမ်း ပထမအသုတ်ကို သင်္ကြန်မတိုင်ခင်က စတင်ခေါ်ယူခဲ့တာဖြစ်ပြီး စာရင်းမှာ မပါလိုသူတွေဆီက ငွေကြေးတောင်းယူတဲ့ ဖြစ်စဥ်တွေလည်း ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024