အိန္ဒိယပဲဝယ်လိုအား မြင့်လာတာကြောင့် ပဲစင်းငုံ တတန်ဈေး ကျပ် ၄၃ သိန်းအထက်ထိ စံချိန်တင် မြင့်တက်လာတယ်လို့ ကုန်စည်ဒိုင်တွေက သိရပါတယ်။
အိန္ဒိယမှာ ရာသီဥတုကြောင့် ပြည်တွင်း ပဲမျိုးစုံ ထွက်ရှိမှု ကျဆင်းခဲ့တဲ့ အတွက် ပဲလိုအပ်ချက် ရှိလာတာကြောင့် ပဲတင်သွင်းမှု ပိုမြင့်တက်လာတာပါ။
ပြီးခဲ့တဲ့ မေ ၁၇ရက်က ပဲစဉ်းငုံ( Red/ RC) တတန်ကို ငွေကျပ် ၄၂၂၅၀၀၀ ရှိရာက လက်ရှိရန်ကုန် ဈေးကွက်အတွင်း ပဲစင်းငုံ ၁ တန်ကို ၄၃ သိန်းအထက်ထိ ရောက်ရှိလာပါတယ်။
ပဲပွဲရုံ ပိုင်ရှင် တဦးက “ပဲစင်းငုံက ပစ္စည်းလက်ကျန်ကလည်း နည်းနေသလို အိန္ဒိယဘက်က ဝယ်လိုအား ကောင်းရင် ကောင်းသလောက် ဈေးက လိုက်မြောက်သွားမှာပဲ” လို့ ပြောပါတယ်။
လက်ရှိ ဈေးကွက်အတွင်းမှာ ပဲစင်းငုံက လက်ကျန်နည်းနေသလို လှောင်လက် ကုန်သည်တွေ လက်ထဲမှာပဲ ရှိပြီး ဝယ်လိုအားကောင်း လာတာကြောင့် ဈေးမြင့်တက်လာတာ ဖြစ်တယ်လို့လည်း ပဲ ကုန်သည်တဦးက သုံးသပ်ပါတယ် ။
မြန်မာနိုင်ငံရဲ့ အဓိကပဲမျိုးစုံတင်ပို့နေတဲ့နိုင်ငံက အိန္ဒိယနိုင်ငံဖြစ်ပြီး၊ နိုင်ငံရဲ့ ပဲ လိုအပ်ချက်နဲ့ ဈေးကွက်ဝယ်လိုအားက မြန်မာ့ပဲဈေးကွက်မှာ တိုက်ရိုက်သက်ရောက်မှုရှိနေပါတယ်။
ဒါ့အပြင် ပြည်တွင်း နိုင်ငံခြားငွေဈေး အတက်အကျကလည်း မြန်မာ့ပို့ကုန်ပဲဈေးတွေအပေါ် သက်ရောက်မှု ရှိစေပြီး လက်ရှိမှာ အမေရိကန်ဒေါ်လာ ပေါက်ဈေးက တစ်ဒေါ်လာကို ၄၀၅၀ အထိ စံချိန်တင်ပေါက်ဈေး ဖြစ်ပေါ် နေပါတယ်။
အိန္ဒိယ ပို့ကုန်ပဲ တစ်မျိုးဖြစ်တဲ့မတ်ပဲကတော့ မေ ၂၀ ရက်နေ့မှာ အနည်းငယ် ပြန်အေးသွားပေမယ့် တတန်ကို ကျပ် ၃၂ သိန်းအထက်ဖြစ်တဲ့ အမြင့်ဈေးမှာပဲ ဆက်ရှိ နေပါတယ်။
မြန်မာ့ မတ်ပဲနဲ့ ပဲစင်းငုံကို အိန္ဒိယ နိုင်ငံကအဓိက ဝယ်ယူနေတာ ဖြစ်ပေမဲ့ အခုအခါ အိန္ဒိယ နိုင်ငံက ပြည်တွင်း ပဲဝယ်လိုအားနဲ့ ဈေးကွက်ကို ထိန်းညှိဖို့ မြန်မာနိုင်ငံ ဈေးကွက်အပြင် တခြားအလားအလာရှိတဲ့ စျေးကွက်တွေက ဝယ်ယူတင်သွင်းဖို့ ကြိုးပမ်းလုပ်ဆောင်နေတဲ အခြေအနေတွေလည်း ရှိနေပါတယ်။