Home
မြန်မာသတင်း
တိုက်ပွဲအချိန်မရွေး ပြန်ဖြစ်နိုင်သဖြင့် စစ်ရှောင်ဒေသခံများ လွိုင်ကော်မြို့၌ ပြန်နေထိုင်ရန် မဖြစ်နိုင်သေး
DVB
·
May 21, 2024
508364-LoiKaw-730x365-1

လွိုင်ကော်မြို့မှာ တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်နိုင်တဲ့အတွက် ဒေသခံတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်ရဲ့ နေရာအများစုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပေမဲ့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့  KNDF ဒု စစ်ဦးစီးချုပ် မာဝီက DVB ကို ပြောပါတယ်။

လက်ရှိ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်တွေရှိနေသေးတဲ့ တပ်တည်နေရာတွေကို တော်လှန်ရေးတပ်တွေကပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်က မိုးဦးမကျခင်မှာ လွိုင်ကော်မြို့ကို စစ်ကြောင်းထိုးဖို့ စစ်ကူပို့နေတဲ့အတွက် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် တော်လှန်ရေးအဖွဲ့တွေကလည်း  စစ်ရေးအရအသင့် ပြင်ဆင်ထားကြတယ်လို့ ဆိုပါတယ်။

KNDF ဒုစစ်ဦးစီးချုပ် မာဝီက "နေရပ်ပြန်တာက လောလောဆယ် ကျနော်တို့ ထိန်းထားတဲ့နေရာမှာတော့ သိပ်ပြီးမတွေ့ရသေးပါဘူး၊ ကျနော်တို့ထိန်းထားတဲ့နေရာတွေမှာတော့ ရှိကောင်းရှိနိုင်တယ်ပေါ့နော်၊ နေရပ်ပြန်၀င်လာပြီးနေထိုင်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ထားတဲ့ လူတွေကိုတော့ ကျနော်တို့ဘက်ကနေ ဒီနေရာသည် အန္တရာယ်ရှိတယ်၊ ဒီနေရာသည် သွားသင့် သွားလာလို့ရတယ်၊ ဒီနေရာသည် မသွားသင့်၊ သွားလာလို့ မရဘူးဆိုတဲ့ သတင်းအချက်အလက်ပဲ ပေးနိုင်မယ်ပေါ့လေနော်၊ နောက်တခုက နေရပ်ပြန်၀င်ပြီး ပစ္စည်းပြန်သယ်တဲ့သူတွေအနေနဲ့လည်း ဘယ်နေရာအထိ သွားလို့ရတယ်ဆိုတာမျိုးကို ကျနော်တို့နဲ့ တိုင်ပင်ပြီးမှ လုပ်ရင်ပိုကောင်းတယ်။ ဒါမှလည်း မဖြစ်သင့်တာနဲ့ မလိုလားအပ်၊ မထိခိုက်သင့်တဲ့ ထိခိုက်မှုမျိုးတွေ မဖြစ်မှာ ဖြစ်တယ်ပေါ့လေ။ ကျနော်တို့ဘက်က ပြည်သူတွေ လုံခြုံရေးအရတော့ အဲ့လောက်ပဲ လုပ်ပေးနိုင်ပါတယ်။ အဲ့ဒါကလည်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ဖြစ်တယ်”လို့ ပြောပါတယ်။

လွိုင်ကော်ကနေ ၆ လကြာ စစ်ရှောင်နေရတဲ့ဒေသခံတွေထဲက တချို့ဟာလည်း လွိုင်ကော် မြို့တွင်းကို ပြန်ဝင်ပြီး ပစ္စည်းပြန်သယ်တာနဲ့ အန္တရာယ်တွေကြားကနေ အတည်တကျ ပြန်လည်နေထိုင်သူ တချို့လည်း ရှိပါတယ်။

စစ်ရှောင်ကာလကြာလာတာနဲ့အတူ ဒေသခံတွေဟာ နေဖို့စားဖို့အခက်အခဲဖြစ်လာတဲ့အတွက် စီးပွားရေးပြန်လည်လုပ်ကိုင်ဖို့ နေရပ်ပြန်ချင်နေကြတာလို့ စစ်ရှောင်ရာကနေ လွိုင်ကော်မြို့ကို ပြန်လည်ရောက်ရှိလာသူက ပြောပါတယ်။

ပြည်သူတဦးက "စစ်ရှောင်ရတာက ၄ / ၅ လ လောက်ရှိပြီ။ ဖြစ်နိုင်ရင်တော့နေဖို့မသင့်တော်ဘူး အန္တရာယ်များတယ်။ ဒီမှာ ဒါပေမဲ့ မနေလို့ကလည်း မဖြစ်ဘူးရော၊ လုပ်စားဖို့ကလည်း လိုသေးတယ်လေ။ စိုက်ပျိုးချိန်လည်းရောက်ပြီလေ ဘာမှမစိုက်မပျိုးရင်လည်း စားစရာမှမရှိတာ ပြေးရတဲ့လတွေမှာ ကုန်ပြီရော"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ် နို၀င်ဘာ ၁၁ ရက်ကစတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့က ဒေသခံတွေဟာ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှမ်း-ကယားနယ်စပ်တွေအထိ စစ်ဘေးတိမ်းရှောင်နေရတာ ဖြစ်ပြီး  ၆ လကျော်ကြာမြင့်လာနေပြီ ဖြစ်ပါတယ်။

လွိုင်ကော်မြို့ပေါ်မှာလည်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က နေ့တိုင်းနီးပါး လေကြောင်းက တိုက်ခိုက်တာတွေ ဒရုန်းအသုံးပြုကင်းထောက်တာတွေ ပြုလုပ်နေပါတယ်။

လင်းအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013