မွန်ပြည်နယ် သထုံမြို့နယ်မှာ ရထားလမ်းပေါင်းကူးတံတားတစင်း မေ ၂၀ ရက် ညပိုင်းက မိုင်းခွဲ တိုက်ခိုက် ခံရပြီးနောက် ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ် ယာယီရပ်ဆိုင်းထားတယ်လို့ မီးရထား ဝန်ထမ်းတွေက ပြောပါတယ်။
သထုံမြို့နယ် ကလိကျွန်းရွာနဲ့ ကျွန်းချောင်းရွာကြားမှာရှိတဲ့ ရထားလမ်းပေါင်းကူးတံတားတဆင်း မေ ၂၀ ရက် ည ၈ နာရီလောက်က မိုင်းခွဲခံတာကြောင့် တံတားပေါ်ရှိ မီးရထားသံလမ်း တပေခွဲစီ ပြတ်ထွက်ခဲ့ပါတယ်။
မီးရထားလမ်းပေါင်းကူးတံတားမိုင်းခွဲဖျက်ဆီးခံရတာကြောင့် မေ ၂၁ ရက်မှာ ထွက်မယ့် အစုန်၊ အဆန် ရန်ကုန်-မော်လမြိုင်မီးရထားခရီးစဉ် ဖျက်သိမ်းခဲ့ရပြီး အမြန်ဆုံးပြန်လည် ပြေးဆွဲ ပေးနိုင်အောင်စီစဉ်နေတယ်လို့ မော်လမြိုင်ဘူတာကြီးက မီးရထားဝန်ထမ်း တဦးက ပြောပါတယ်။
"ညကမီးရထားလမ်း မိုင်းခွဲခံရလို့ ရထားခရီးစဉ်ရပ်ထားတာပါ။ အခုရထားလမ်းကို ပြန်ပြင်နေပြီးလို့ ကျနော်တို့ ကြားပါတယ်။ လတ်တလော ရထားခရီးစဉ်က ဒီနေ့ပဲနားတာပါ။ မနက်ဖြန်ကတော့ လမ်းပြင်ပြီးတဲ့အခြေအနေနဲ့တခြားအခြေအနေတွေကို တချက် စောင့်ကြည့်ရပါဦးမယ်။"
သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စုမှာရှိတဲ့ ကလိကျွန်းရွာနားမှာ မေ ၂၀ ရက် ည ၈ နာရီ လောက်က မိုင်းပေါက်ကွဲသံကြားရပြီး မနက်မှ ရထားလမ်းမိုင်းခွဲ ဖျက်ဆီးခံရတယ်ဆိုတာ သိတယ်လို့ မိုးကောင်းရွာခံ တဦးက ပြောပါတယ်။
ရထားလမ်းမိုင်းခွဲခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူ၊ ဘယ်အဖွဲ့အစည်း၊ ဘာကြောင့် လုပ်ဆောင် ခဲ့သလဲ ဆိုတာ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မေ ၁၁ ရက်ကလည်း ဘီးလင်းမြို့နယ် ကျုံအိတ်တံတားမိုင်းခွဲ ဖျက်ဆီးခံရတာကြောင့် လမ်းပန်း ဆက်သွယ်ရေးပျက်တောက်ခဲ့တဲ့အတွက် ပြည်သူတွေဟာ မီးရထားကိုသာ အားကိုခဲ့ကြပေမဲ့ အခု မီးရထားပါ မထွက်တာကြောင့် သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြော ပါတယ်။