Home
မြန်မာသတင်း
တွန်းဇံမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်
DVB
·
May 21, 2024
ton 2152024

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်တွေထံကနေ သေနတ်အလက် ၅၀ သိမ်းမိထားတယ်လို့  ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရသူ ဆလိုင်းထက်နီက DVB ကို မေ ၂၁ ရက်မှာ ပြောပါတယ်။

တွန်းဇံမြို့နဲ့ ကျီခါးမြို့တွေရှိ စစ်ကောင်စီတပ်စခန်းတွေကို  ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက မေ ၁၅ ရက်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာမှာ ကျီခါးမြို့ကို မေ ၁၉ ရက်မှာ စပြီး သိမ်းနိုင်ခဲ့ပါတယ်။

တွန်းဇံက စစ်ကောင်စီတပ်တွေဟာ မြို့ထဲကိုထွက်ပြေးကာ ခုခံတိုက်ခိုက်သလို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ ဒီနေ့မှာတော့ တွန်းဇံမြို့ကို သိမ်းနိုင်ပြီလို့ ပြောလို့ရကြောင်းနဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

“ကျနော်တို့ သိမ်းနိုင်ပြီလို့ ပြောလို့ရပါတယ်။ လက်နက်အလက် ၅၀ ရထားတယ်။ အဲဒီကနေ မြို့ထဲကို ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတချို့တော့ ရှိနေသေးတယ်။ ဆက်ပြီးတော့ အခု နယ်မြေရှင်းလင်းရေး လုပ်နေတယ်။ မကြာခင် တမြို့လုံးကို စိုးမိုးထားမယ့် အနေအထားမှာ ရှိလာမယ်။ မနေ့က ရဟတ်ယာဉ်နဲ့ အယောက် ၅၀ လောက် အင်အားလာဖြည့်တယ်။ အဲဒါကို ကျနော်တို့ ဗုံးကြဲတိုက်တာ အလောင်း ၁၁ လောင်း တွေ့တယ်။ အခံရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဝင်စီးလိုက်တော့ အလောင်းတော့ မတွေ့ဘူး၊ သေနတ်အလက် ၅၀ လောက်ရတယ်။”

ရိဒ်ခေါဒါရ်မြို့၊ ရေဇွာမြို့၊ မကွီးအိမ်နူးမြို့၊ ဝေဘူလမြို့၊ နာရိန်းမြို့၊ ဆူရ်ခွား၊ ကျင်ဒွေးမြို့၊ ကျီခါးမြို့နဲ့ တွန်းဇံမြို့ အပါအဝင် ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့တွေ ၉ မြို့အထိ ရှိလာပြီဖြစ်ကာ ချင်းတောင်မှာ စစ်ကောင်စီကင်းစင်ရေးဟာ အဓိကဦးတည်ချက်ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။

“စစ်ကောင်စီကင်းစင်တာ ၂ မြို့နယ်က အခု ကျနော်တို့က စစ်ကောင်စီကင်းစင်ပြီပေါ့။ ကင်းစင်တယ်ဆိုတာ တမြို့နယ်လုံးပေါ့။ ပြည်သူ့ရဲ့စိုးမိုးမှုအောက်မှာ ရောက်နေပါပြီ။ ၇ မြို့နယ်က စစ်ကောင်စီက မြို့ပေါ်တွေမှာတော့ ကျန်သေးတယ်။ ချင်းတောင်မှာ စစ်ကောင်စီကင်းစင်ရေးကတော့ ကျနော်တို့ရဲ့ အဓိကဦးတည်ချက်ဖြစ်တယ်။ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုကို အင်မတန်လုပ်လာတာ တွေ့ရတယ်။ တွန်းဇံ စစ်ဆင်ရေးမှာ လေကြောင်းတိုက်ခိုက်မှုက အဟန့်အတား ဖြစ်စေတာပေါ့။ ထိခိုက်မှုကတော့ ကျနော်တို့ဘက်မှာ တော်တော်လေး နည်းပါတယ်။ ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို သေချာသတိထားပေးဖို့ လိုပါတယ်။ ပြည်သူတွေအနေနဲ့ ကျနော်တို့ ဦးတည်ချက်ရောက်ဖို့ ဆထက်ထမ်းပိုး ပါဝင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။”

တွန်းဇံနဲ့ ကျီခါး စစ်ဆင်ရေးတွေဟာ ချင်းပြည်အစိုးရ ဖွဲ့စည်းပြီးနောက်ပိုင်း ချင်းကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်တဲ့ ပထမဆုံးစစ်ဆင်ရေး ဖြစ်တယ်လို့ သိရပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြတ်ကြီး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013