တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လူထုက စစ်ပန်းလာပြီလို့ ပြောလို့ရတယ်။ ဗမာတပြည်လုံးက တော်လှန်တဲ့ကျေးရွာမှန်သမျှကို ရန်သူစစ်တပ်က ကြွက်မနိုင် ကျီမီးနဲ့ရှို့ မူဝါဒကိုင်စွဲပြီး ဆက်တိုက်ဆိုသလို မီးရှို့ဖျက်ဆီးနေတယ်။ မြို့နေလူတန်းစားတောင် ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ၊ ငွေကြေးတန်ဖိုးကျဆင်းလာမှုတွေ၊ လျှပ်စစ်မီးနဲ့ လောင်စာဆီ လိုအပ်ချက် များပြားလာတဲ့အတွက် ကုန်ထုတ်လုပ်မှုတွေ လျော့ကျလာပြီး အလုပ်လက်မဲ့ ဖြစ်လာတာတွေကြောင့် အစစအရာရာ ကျပ်တည်းနေတာ အားလုံးအသိပဲ။ ဒါဆိုရင် ကျေးလက်က အိမ်မီးရှို့ခံရပြီး ရန်သူစစ်ကြောင်းကြောင့် လယ်ယာလုပ်ငန်း သွင်းအားစုတွေ ဈေးကြီးမြင့်တာ၊ ဈေးကွက်မတည်ငြိမ်တာ၊ စိုက်ပျိုးရိတ်သိမ်းချိန် အချိန်မမှန်တာတွေကြောင့် တောင်သူတွေ ဘယ်လောက် ဒုက္ခရောက်ကြလိမ့်မလဲ အထင်းသားသိနိုင်တယ်။ အဆိုးဝါးဆုံးကတော့ နှစ်ရှည် စစ်ရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ပြည်သူတွေပါပဲ။
ငြိမ်းမောင်တို့ စည်းရုံးရေးကိစ္စတွေနဲ့ စစ်ကိုင်း၊ မကွေးတခွင် အနှံ့သွားနေရတော့ နှစ်ရှည်စခန်းတွေ ရောက်ရင် တာဝန်ခံတွေနဲ့ အမြဲတမ်း စကားပြောကြည့်မိတယ်။ ဒီစစ်ဘေးရှောင်လူအုပ်ကြီးကို ရေရှည် ဘယ်လိုကျွေးကြမလဲ၊ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် လိုအပ်ချက်တွေ ဘယ်လို ဖြည့်ဆည်းကြမလဲ ဆွေးနွေးဖြစ်ကြတယ်ပေါ့။ ဆွေးနွေးဖြစ်တိုင်းလည်း လူငယ်တွေကြားက စကားလို လမ်းပျောက်သွားတယ်ပေါ့ဗျာ။ လူရာဂဏန်းကနေ သောင်းဂဏန်းထိရှိတဲ့ စစ်ရှောင်တွေ ရှိနေတာပဲ။
လက်ရှိ ဖြေရှင်းနေတဲ့ပုံသဏ္ဌာန်က အလှူရှင်နဲ့ ဖြေရှင်းရေးပေါ့။ မွေးနေ့အထိမ်းအမှတ်၊ ဘာအထိမ်းအမှတ်၊ ညာအထိမ်းအမှတ်ဆိုပြီး တရက်စာ လာလှူကြတာတွေ ရှိနေပေမဲ့ ရက်စေ့အောင် မဖြစ်နိုင်တာ သေချာပါတယ်။ ငြိမ်းမောင်တွေ့ခဲ့ဖူးတဲ့ ရွှေဘိုနဲ့ ဝက်လက်ကြားက စစ်ရှောင်တွေဆိုရင် ထမင်းကြမ်းခဲနဲ့ ချဥ်ပေါင်ရည်နဲ့ တို့စားနေကြရတဲ့အထိ မြင်ဖူးပါတယ်။ အလှူရှင်ဆိုတာလည်း ကြိုးကြားကြိုးကြားလောက်ပဲ ရှိနေနိုင်တာလေ။ တခါတလေ CSO ပရောဂျက်တွေကလည်း မြေပြင်ရောက်တာက ဆယ်ပုံတပုံဆိုတော့ သိပ်မဟန်လှပါဘူး။ ဒီအလှူရှင်နဲ့ ဖြေရှင်းရေးဟာ ရေရှည်အတွက် မခိုင်မာနိုင်ဘူး။
အဓိက ဖြေရှင်းရေးကို ဦးတည်ဆွေးနွေးတဲ့အခါ ထွက်လာတဲ့အဖြေက ကုန်ထုတ်လုပ်ရေးပဲ။ စစ်ရှောင်မိသားစုတွေမှာ ဘာမှမရှိပေမဲ့ လုပ်အားရှိနေတာကို မြင်တတ်ရမယ်။ ဒေသတွင်း ကုန်ကြမ်းတွေနဲ့ ကုန်ထုတ်နိုင်အောင် ကြိုးစားရမယ်။ သေချာ စေ့စေ့တွေးရင် ပေါ်လာပါတယ်။ ဥပမာ အညာဒေသမှာ အဖြစ်ဆုံး သီးပင်စားပင်ဖြစ်တဲ့ ချဥ်ပေါင်ပေါ့။ မြေအလွတ်တွေမှာ ချဥ်ပေါင်ကို ပေါပေါသီသီ ကြဲထားလိုက်လို့ ရပါတယ်။ ဒီကမှတဆင့် စစ်ရှောင်အမျိုးသမီးထုရဲ့ လုပ်အားနဲ့ ချဥ်ပေါင်အခြောက်ကြော်လိုမျိုး ကုန်ချောအထိ ထုတ်လုပ်လို့ရပါတယ်။ အညာသူတွေ ကျွမ်းကျင်ပါတယ်။ ထုပ်ပိုးမှုပိုင်းတွေ၊ ဖြန့်ချိမှုအပိုင်းတွေကတော့ ဒေသတွင်း ကျောင်းသားသမဂ္ဂတွေလို ပညာတတ်လူငယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကြားကာလ တာဝန်ရှိသူတွေက တာဝန်ယူ ဦးဆောင်ပေးရမှာပါ။ အဓိကလိုအပ်တာက အရင်းအနှီးပါပဲ။ ကနဦး ဖော်ပြခဲ့သလို တနပ်ကျွေးပြီး ကုန်သွားတာမျိုးထက် ဒါမျိုးကုန်ထုတ်လုပ်ငန်းတွေမှာ မြှုပ်နှံတာ အကောင်းဆုံးပါပဲ။ နောက်ထပ် ဘာတွေရှိဦးမလဲ၊ အညာမှာ မြေပဲနဲ့ ထန်းလျက် သိပ်ပေါတယ်။ ဒီတော့ မြေပဲယို၊ နှမ်းယိုလို ကုန်မျိုးကို သပ်သပ်ရပ်ရပ်နဲ့ အဆင့်မြှင့်ပြီး ထုတ်လို့ရတယ်။ တခု ရက်ကန်းလုပ်ငန်းတွေ၊ အပ်ချုပ်လုပ်ငန်းတွေ တည်ထောင်ပေးလို့ ရပါတယ်။ ယောက်ျားသားတွေထဲမှာလည်း အိမ်ထောင်ပရိဘောဂတွေ၊ ပန်းပုပညာ ကျွန်းကျင်သူတွေ ပါနေတတ်တယ်။ နွားလှည်းတစီးကို အပြည့်အစုံ ထုတ်လုပ်တတ်တဲ့သူတွေ တွေ့ဖူးပါတယ်။ ဒီလိုလူတွေကိုလည်း မြေတောင်မြှောက်ပေးရမယ်။
အရေးကြီးဆုံးက အရင်းအနှီးပဲ။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ၊ ကြားကာလအစိုးရရဲ့ လူသားစာနာအဖွဲ့တွေ၊ စီးပွားကူးသန်းအဖွဲ့တွေက တာဝန်ယူပြီး ရှာဖွေပေးရမယ်။ ကုန်ထုတ်လုပ်မှု ပြီးမြောက်တဲ့အခါ ထုတ်ကုန်ကိုလည်း တော်လှန်ရေးနယ်မြေအတွင်းက အေးချမ်းနေတဲ့ ဒေသအနှံ့ ဖြန့်ချိနိုင်ရေးကို အားစိုက်လုပ်ကိုင်ရမယ်။ စစ်ကောင်စီ ထုတ်ကုန်တွေကို မသုံးစွဲဖို့ သပိတ်မှောက်တဲ့အတိုင်း စစ်ရှောင်စခန်းတွေက ထုတ်လုပ်လိုက်တဲ့ ကုန်တွေကို ဦးစားပေးသုံးစွဲဖို့ ဝါဒဖြန့်ချိရေး သေချာလုပ်ရမယ်။ ဒါမှ စစ်ရှောင်ကုန်ထုတ်လုပ်ရေးက အောင်မြင်မယ်။
နောက်တချက်က ကြားကာလပညာရေးမှာ ဒီစစ်ရှောင်ကုန်ထုတ်လုပ်ရေးအတွက် ကုန်ထုတ်လုပ်ရေး နည်းလမ်းသစ်တွေ၊ ဖြန့်ချိရေးနည်းလမ်းတွေ၊ အမြတ်၊ အရင်း ဘဏ္ဍာငွေ လည်ပတ်ပုံတွေကို သင်ကြားပေးရမယ်။ လက်တွေ့ဖော်ထုတ်ရမယ်။ ကြားကာလပညာရေးအရ G12 ပြီးသွားလို့ တက္ကသိုလ်၊ ကောလိပ် သိပ္ပံ ဆက်မတတ်နိုင်တော့ရင်တော့ ဒီကျောင်းသားလူငယ်တွေဟာ စစ်ဘေးရှောင်ကုန်ထုတ်လုပ်ရေးကို ဦးစီးဆောင်ရွက်နိုင်သူတွေ ဖြစ်လာမယ်။ ဒါမှ အသုံးချပညာရေးလို့ ဆိုနိုင်မယ်။ ခုဆိုရင် ချင်းပြည်နယ်မှာ မီဇိုယမ်ပြည်နယ်နဲ့ တိုက်ရိုက်လမ်းကြောင်းရှိတဲ့ မြို့တွေကို ချင်းတပ်တွေ သိမ်းပိုက်ထားပါပြီ။ ဒီအချိန်မှာ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးထဲမှာ လယ်ယာတောင်သူလုပ်ငန်းကို ဘယ်လိုတိုးမြှင့်လုပ်ကိုင်ပြီး ဈေးကွက်လမ်းကြောင်းအသစ်တွေကို ဘယ်လို ဖောက်ထွက်ကြမလဲ စဥ်းစားကြရမှာဖြစ်တယ်။
စစ်ကောင်စီရဲ့ ပညာရေးကျောင်းတွေဟာ စာတတ်တာ မတတ်တာထက် သူတို့ကျောင်းတွေမှာ လာတက်တဲ့ ကျောင်းသားလူငယ်တွေကို သူ့ရဲ့ ဗျူရိုကရက်အစိုးရယန္တရားမှာ အလုပ်ပေးနိုင်တယ်။ လူ့အရင်းအမြစ်ကို ဖမ်းဆုပ်နိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ သေရာပါဒဏ်ရာက အတွေးအခေါ်ပညာရေး၊ လက်တွေ့အသုံးချပညာရေး မဟုတ်ဘဲ အထက်ကခိုင်းသမျှ လုပ်မယ်၊ အောက်ကိုလည်း တသဝေမတိမ်း ဖိနှိပ်ခိုင်းစေမယ့် ကျွန်ဗျူရိုကရက်လေးတွေ မွေးထုတ်ရေးသက်သက် ဖြစ်နေတာ။ ဒါမှလည်း သူတို့လည်း အာဏာရှင်အစိုးရတွေ ရပ်တည်နိုင်မှာမဟုတ်လား။ ကျနော်တို့ တော်လှန်ရေးနယ်မြေတွေမှာတော့ ခုချိန်ထိ ကိုယ့်တော်လှန်ရေးယန္တရားအတွက် အသုံးဝင်မယ့် ပညာတတ်တွေ မမွေးထုတ်နိုင်သေးတာကတော့ သေချာတဲ့ မှန်ကန်မှုပါပဲ။ ဒါကြောင့်လည်း အသက် ၁၇၊ ၁၈ လောက် ကျောင်းသားလူငယ်တွေဟာ လယ်ထွန်ရင်ထွန်၊ နိုင်ငံခြားထွက်ရင်ထွက်၊ PDF ထဲ ဝင်ရင်ဝင် ဆိုတဲ့ လမ်း ၃ လမ်းနဲ့ပဲ အနာဂတ်တွေ နိဂုံးချုပ်နေတာပါ။ ဒါကြောင့် ကြားကာလပညာရေးမှာ တော်လှန်ရေးယန္တရားတွေ (စစ်ဘေးရှောင်ကုန်ထုတ်လုပ်ရေး အပါအဝင်) လိုအပ်မယ့် လက်တွေ့အသုံးချ ပညာရေးတွေကို သင်ကြားဖို့လည်း လိုအပ်ပါတယ်။
တော်လှန်ရေးနယ်မြေတခုမှာ ရန်သူအပေါ် စီးပွားရေးအရ မှီခိုနေရတာဟာ စစ်နိုင်ရေးအတွက် အတော်လေး ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်တယ်။ ဒါကို တန်ပြန်ဖို့ဆိုရင် စီမံကိန်းကျကျက ကုန်ထုတ်လုပ်ရေး လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော်လှန်ရေးနယ်မြေထဲမှာပါ ကုန်ထုတ်လုပ်သူ၊ စားသုံးသူတွေနဲ့ လည်ပတ်နိုင်တဲ့ စျေးကွက်ဖြစ်လာမှ လူထုလည်း သက်သာချောင်ချိလာမှာဖြစ်ပြီး အခက်ခဲဆုံးကာလတွေမှာတောင် တော်လှန်ရေးအတွက် မားမားမတ်မတ် ရပ်တည်ပေးနိုင်ကြလိမ့်မယ်။ ကျနော်တို့ တော်လှန်ရေးတပ်တွေလည်း အားကိုးစရာရှိမှာ ဖြစ်တယ်။ ဆိုလိုတာက ဒီဆောင်းပါးဟာ လောလောဆယ် နှစ်ရှည် စစ်ရှောင်စခန်းတွေ ရပ်တည်ရေးကို ဦးစားပေးရေးသားတယ် ဆိုပေမဲ့ တော်လှန်ရေးနယ်မြေတခွင်လုံး၊ တစုံလုံးက တော်လှန်သော လူထုကြီးအတွက်ပါ ထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါကြောင်း။