ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ မေ ၂၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူ တဦး ဒဏ်ရာ ရရှိကာ ဘုန်းကြီးကျောင်း တကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ် စနဲမြို့အနီးနားကကျေးရွာတွေကို မေ ၂၀ ရက် မွန်းလွဲ ၂ နာရီကျော်လောက်မှာ တောင်မော်ကြီးရေတပ်စခန်းက တိုက်ခိုက်ရေးဒရုန်းနဲ့ ဗုံးသီး ၄ လုံးကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဖြူမြို့ ဒေသခံက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စနဲမြို့နားက ရွာဟောင်းတောမှာ ၂ လုံး၊ ပြိုင်းဆိပ်တောင်ရွာမှာ ၁လုံးနဲ မျှောချောင်းရွာ ဘုန်းကြီးကျောင်းနားမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့လို့ မျောချောင်းကျေးရွာက အသက် ၇၂ နှစ်အရွယ် ဦးမောင်ကျော်လှမှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး မျှောချောင် ဘုန်းကြီးကျောင်းလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ မေ ၁၂ ရက် မနက်ပိုင်းကလည်း စစ်တပ်က ဂျက်တိုက် လေယာဥ် ၁ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လောင်းချောင်းကျေးရွာစာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
မောင်တောမြို့နယ်မှာလည်း မေ ၁၉ ရက် မနက်ပိုင်းက စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ စစ်ရှောင် ၂ ဦးဒဏ်ရာ ရကာ ဆေးပေးခန်း ၁ ခုနဲ့ နေအိမ် ၅ လုံး ပျက်စီးခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သရေကုန်ဘောင်ကျေးရွာကို မေ ၁၉ ရက် မနက် ၁၀ နာရီလောက်မှာ စစ်တပ်က တိုက်လေယာဥ် တစင်းနဲ့ ဗုံး ၂ လုံး ကြဲသွားခဲ့တယ်လို့ မောင်တောမြို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် သရေကုန်ဘောင်ကျေးရွာမှာ လာရောက်စစ်ဘေးရှောင်နေတဲ့ မောရဝတီကျေးရွာက အသက် ၆၄ နှစ်အရွယ် ဦးစိန်လှဖြူနဲ့ သစ်တောကျေးရွာက အသက် ၄၄ နှစ်အရွယ် ဦမောင်စိုးတို့မှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့လို့ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
အဲဒီရွာကို ဗုံးကြဲလို့ ဆေးပေးခန်းမှာ တလုံးကျရောက်ပေါက်ကွဲကာ ပျက်စီးခဲ့သလို ရွာထဲမှာ တလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၅လုံး ထိခိုက်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။
မောင်တောမြို့နယ်မှာ မေ ၁၄ ရက် မနက်ပိုင်းကလည်း စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ၄ ယောက်သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။