Home
မြန်မာသတင်း
စစ်တောင်းစက္ကူစက်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး၊  တနင်္သာရီတွင် တိုက်ပွဲဖြစ်
DVB
·
May 21, 2024
sit 2152024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာရှိတဲ့ စစ်တောင်းစက္ကူစက်မှာရှိတဲ့ စစ်ကောင်စီ ဂိတ်စခန်းကို မေ ၁၉ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သိမ်ဇရပ်မြို့အဝင်ရှိ စစ်ကောင်စီအင်အား ၁၅ ဦးလောက်ရှိတဲ့ စစ်တောင်းစက္ကူစက် ဂိတ်စခန်းကို မေ ၁၉ ရက် မွန်းတည့် ၁၂ နာရီလောက်က တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း ရှိခဲ့ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တဦးက “အင်အား ၁၅‌ ယောက်လောက်ရှိတဲ့ စစ်ကောင်စီဂိတ်ကို ဝင်တိုက်ခဲ့တာ။ တိုက်ပွဲက နာရီဝက်လောက်ကြာပြီး စစ်ကောင်စီဘက်က မျက်မြင် ၃ ဦးသေတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေ ရှိတယ်ဆိုပေမဲ့ သေချာတော့ မသိသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် သိမ်ဇရပ်အမြောက်တပ်နဲ့ ဝေါမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်းတို့က လက်နက်ကြီး‌တွေနဲ့ KNU ပိုင် ကျေးရွာတွေကို ပစ်ခတ်ခဲ့တယ်လို့ သိမ်ဇရပ်မြို့ခံတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီးတာနဲ့ လက်နက်ကြီးတွေနဲ့ စစ်တောင်းမြစ်ဝှမ်း တလျှောက်မှာရှိတဲ့ KNU စိုးမိုးထားတဲ့ ရွာတွေကို တောက်လျှောက်ပစ်တာ။ ညကလည်း တညလုံး ပစ်နေတာတွေ ကြားတယ်။ ခုထက်ထိတော့ လူထိခိုက်တာတွေတော့ မကြားသေးဘူး။”

တိုက်ခိုက်မှုကို KNU/KNLA၊ အင်း‌တကော်ပကဖ၊ ဝေါပကဖနဲ့ သနပ်ပင်ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာလည်း  ရမ်းဖိုရွာအနီး မေ ၁၉ ရက် ညနေ ၅ နာရီခွဲက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

တနင်္သာရီမြို့နယ်၊ သိန္ဓောရွာစခန်းကနေ အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ရမ်းဖိုရွာ ဘုန်းတော်ကြီးကျောင်းအနီးမှာ ရှိနေစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“သူတို့က မိုင်းတွင်းလမ်းကမလာဘဲ မိုင်းနစ်ကွင်းကြားထဲက ဖြတ်လာတော့ မိုင်းမဆွဲလိုက်ရဘူး။ ပြီးတော့ စစ်ကြောင်းက ခွဲခွဲပြီး တက်လာနေတာပါ။ အကုန်စုပုံမတက်ဘူး။ တိုက်ပွဲဖြစ်ပြီးနောက်မှာ ဇဝဲတပ်ကနေ ကားနဲ့လာပြီး စစ်သားတွေ တင်ဆောင်သွားတယ်။”

အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီရဲ့ ဇဝဲတပ်ရင်းကနေ သိန္ဓောစခန်းကို စစ်ကူပြီး တပ်ရင်းကို ပြန်လည်ဆုတ်ခွာလာတဲ့အချိန် လမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပြီး ပြည်သူ့ကာကွယ်ရေးဘက်က ထိခိုက်သေဆုံးသူ မရှိဘူးလို့ သိရပေမဲ့ DVB အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားချိန်တုန်းက အသက် ၂၀ ကျော်အရွယ် ရမ်းဖိုရွာက လူငယ်တဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားပြီးမှ စစ်ကြောင်းပြန်လည်ထွက်ခွာချိန်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ဒေသခံတဦးက “တိုက်ပွဲကြားထဲမှာပဲ ရွာသားတယောက် ဖမ်းမိသေးတယ်။ က‌လေးက ရမ်းဖိုကပါ။ သူ့ဖုန်းကိုလည်း သိမ်းသွားတယ်။ အခု ပြန်လွှတ်လိုက်တယ်။ ဖမ်းခံရတဲ့ကလေးက ခြေကျိုးနေတဲ့ကလေးဆိုတော့ မဖမ်းဘဲ ပြန်လွှတ်ပြီး ထားသွားတယ်” လို့ ပြောပါတယ်။

အဲဒီမတိုင်ခင် နေ့လယ်ပိုင်းလောက်မှာလည်း တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသေးတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အ‌နောက်မော်တုန်းရွာနေ အမျိုးသမီးတဦးက “စစ်ကြောင်းတက်လာလို့ မိုင်းဆွဲတာလောက်ပဲ။ ကျမတို့ဘက်က ကြားရတာ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဗိုလ်ခရင်းတပ်ဖွဲ့က လုပ်‌ဆောင်ခဲ့တာလို့ သိရပြီး အဲဒီတပ်ဖွဲ့မှာ တနင်္သာရီလွတ်မြောက်ရေးအင်အားစု (TLF) ကနေ ခွဲထွက်လာတဲ့ တပ်ဖွဲ့တခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၈ ရက်ကလည်း တနင်္သာရိမြို့နယ်၊ ညောင်ပင်ကွင်းရွာ ခမရ ၅၆၁ တပ်ရင်းက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မကျည်းကုန်းရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013