Home
မြန်မာသတင်း
ကော့ကရိတ်တွင် ထိုင်းဘက်ထွက်ပြေးသည့် စစ်သားများက ကိုယ်ဝန်ဆောင် ၁ ဦးနှင့် အမျိုးသား ၃ ဦးကို သတ်ဖြတ်
DVB
·
May 21, 2024
SACKilledPeople_21052024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ခလန်ရွာအနီးမှာရှိတဲ့ ဖုချိမူ စစ်ကောင်စီတပ်စခန်းကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ အမျိုးသား ၃ ဦးတို့ကို မေ ၁၉ ရက်မှာ ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီအင်အား ၁၀၀ လောက်ရှိတဲ့ ဖုချိမူ စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် စခန်းက စစ်ကောင်စီတပ်သားတချို့ဟာ မေ ၁၈ ရက် ညပိုင်းက ထိုင်းဘက်ကို ဝင်ရောက်ထွက်ပြေးခဲ့ပါတယ်။

ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေဟာ မေ ၁၉ ရက်မှာ လမ်းမှာတွေ့တဲ့ အသက် ၃၀ အရွယ် ကိုယ်ဝန် ၅ လရှိတဲ့ အမျိုးသမီးတဦးနဲ့ အမျိုးသား ၃ ဦးကို သတ်ဖြတ်သွားခဲ့ပါတယ်။

ပိုင်ခလန်ရွာခံတဦးက “ဖုချိမူစခန်းကနေ ထွက်ပြေးတာက အကုန်လုံးက ၃၀ ကျော်လောက်ရှိတယ်။ ကျန်တာကတော့ စခန်းမှာပဲ ကျန်ခဲ့တာလား၊ လက်နက်ချတာလား၊ တခြားလမ်းကြောင်းကပဲ ထွက်ပြေးတာလားတော့ သေချာမသိသေးဘူး။ ထွက်ပြေးတဲ့သူတွေက လက်နက်နဲ့အတူ ထိုင်းထဲဝင်ပြေးတာ။ ထွက်ပြေးတဲ့သူတွေက သတင်းပေါက်မှာစိုးလို့ လမ်းမှာတွေ့တဲ့သူတွေ အကုန်သတ်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီပစ်သတ်သွားတဲ့ ကိုယ်ဝန် ၅ လရှိတဲ့ အမျိုးသမီးဟာ ကိုယ်ဝန်ရက်ချိန်းပြဖို့ နယ်စပ်ကို ဆိုင်ကယ်နဲ့မောင်းတဲ့ အမျိုးသားတဦးနဲ့ လာတဲ့အချိန် စစ်‌ကောင်စီတပ်သားတွေနဲ့ လမ်းမှာဆုံပြီး ၂ ဦးလုံး ပစ်သတ်ခံလိုက်ရတာပါ။

အသတ်ခံရတဲ့ တခြားအမျိုးသား ၂ ဦးထဲက တဦးက အသက် ၅၀ အရွယ်ရှိပြီး ခြံထဲသွားဖို့ ထွက်လာတဲ့အချိန် စစ်သားတွေပစ်သတ်တာ ခံရသလို နောက်တ‌ဦးက အသက် ၂၀ အရွယ်ရှိပြီး ဥယျာဉ်ခြံထဲက တဲမှာအိပ်နေတုန်း စစ်ကောင်စီတပ်သားတွေက ဝါးရင်းတုတ်နဲ့ ရိုက်သတ်ခဲ့ပါတယ်။

သေဆုံးသွားတဲ့ ၄ ဦးက ဖုချိမူနားက ဒေသခံတွေမဟုတ်ဘဲ အကြောင်းတခုခုကြောင့် ခရီးသွားတာနဲ့ အလုပ်လုပ်ဖို့ လာနေကြတဲ့သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ လက်နက်အပြည့်အစုံနဲ့ စခန်းစွန့်ခွာ ထွက်ပြေးတာတွေ ရှိနေတဲ့အတွက် အနီးအနားက ဒေသခံတွေဟာ သတိနဲ့ သွားလာနေထိုင်နေကြရပြီး အပြင်မထွက်ရဲအောင် ကြောက်လန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဖုချိမူ စစ်ကောင်စီတပ်စခန်းဟာ စကခ ၁၃ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ ၅၅၈၊ ခမရ ၅၆၁ နဲ့ ခြေလျင်တပ်ရင်း ခလရ ၉၉၃ အခြေချ တပ်စွဲထားတဲ့စခန်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013