Home
နိုင်ငံတကာ
အာဖဂန် ရေကြီးမှု လူ ၁၂၀ ထက်မနည်း သေဆုံး
DVB
·
May 20, 2024
AfghanFlood_20052024

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဖာယက်ဘ်ပြည်နယ်နဲ့ အနောက်ပိုင်း ဂိုပြည်နယ်မှာ သောကြာနေ့နဲ့ စနေနေ့တွေမှာ မိုးသည်းပြီး ရုတ်တရက် ရေကြီးလို့ လူအယောက် ၁၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖာယက်ဘ်ပြည်နယ်မှာ စနေနေ့ညက ရုတ်တရက် ရေကြီးလို့ လူ ၄၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူအယောက် ၄၀ ပျောက်နေတယ်၊ အိမ်ခြေ ၁,၈၇၀ ထက်မနည်း ပျက်စီးခဲ့တယ်၊ စိုက်ပျိုးမြေဧက ၇၀၀ ကျော် ရေစီးနဲ့ မျောပါသွားတယ်လို့ ယဉ်ကျေးမှုနဲ့ သတင်းအချက်အလက်ဌာန ဒါရိုက်တာ ရှမ်းဆုဒ်ဒင် မိုဟမ်မက်ဒီက ပြောပါတယ်။

အဲဒီနေ့ခင်းမှာပဲ ပြည်နယ်အတွင်း လူ ၁၈ ဦး သေဆုံးတယ်လို့ ခရိုင်ထဲက တခြား အရာရှိ​တယောက်က ပြောပါတယ်။

ဒီ သဘာဝ မတော်တဆမှုဟာ ဘယ်လ်ကာရာပြည်နယ် ချယ်ဟာဂါဇီနဲ့ ကာရ်ဂံခရိုင်တွေမှာ ဖြစ်ခဲ့တာပါ။

ဂိုပြည်နယ်မှာ သောကြာနေ့နဲ့ စနေနေ့တွေမှာ ရေကြီးရေလျှံခဲ့လို့ သေဆုံးသူ ၅၅ ဦးအထိ တိုးလာတယ်လို့ ဂိုပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောရေးဆိုခွင့်ရှိသူ အဗ်ဒူ ဝါဟိဒ် ဟာမက်စ်က တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။ လူရာချီ ပျောက်ဆုံးနေဆဲဖြစ်လို့ သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။

အာဖဂန်နစ္စတန်ဟာ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေရှိပြီး ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို အခံရဆုံးနိုင်ငံတွေထဲက တနိုင်ငံလို့ ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မိုးသည်းလို့ လျှပ်တပြက် ရေကြီးခဲ့တဲ့အတွက် အာဖဂန်နစ္စတန် မြောက်ပိုင်းက ရွာတွေ ပျက်စီးခဲ့ပါတယ်။

လူ ၃၁၅ ဦး သေဆုံးပြီး လူ ၁,၆၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013