ထိုင်းဝန်ကြီးချုပ်ရုံးဝန်ကြီး ခန့်အပ်မှုမှာ ကျင့်ဝတ်ချိုးဖောက်တယ်လို့ ဝန်ကြီးချုပ် ဆေထာ ထဝီးဆင်ကို အထက်လွှတ်တော်အမတ်တစုက စွပ်စွဲထားတဲ့ ကန့်ကွက်လွှာကိုသာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လက်ခံလိုက်ရင် ရာထူးက ဆိုင်းငံ့ခံရနိုင်တယ်လို့ ဘန်ကောက်စ်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
ခုံရုံးဟာ လာမယ့် ကြာသပတေးနေ့မှာ ဒီကန့်ကွက်လွှာကို လက်ခံဖို့ သင့်၊ မသင့် ကြားနာမှာ ဖြစ်ပါတယ်။
ပြည်သူ့တိုက်ရိုက်ရွေးကောက်ခံမဟုတ်ဘဲ စစ်တပ်က ခန့်တဲ့ အထက်လွှတ်တော်အမတ်တွေက ရွေးကောက်ပွဲနိုင်ပေမဲ့ အတိုက်အခံဖြစ်ခဲ့ရတဲ့ ဖိထား လိုမ့်ကျရွန်းရတ် အပါအဝင် ရွေးကောက်ခံ အမတ်တွေကို ဖယ်ရှားပေးဖို့ နည်းအမျိုးမျိုးနဲ့ တိုင်ကြားလေ့ရှိပါတယ်။
အခုလည်း အထက်လွှတ်တော်အမတ် အယောက် ၄၀ က ဝန်ကြီးချုပ်ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဖော်ပြထားတဲ့ ထိုင်းအခြေခံဥပဒေ ပုဒ်မ ၁၇၀ (၄) နဲ့ (၅) အရ ဝန်ကြီးချုပ် ဆေထာနဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီး ပီချစ်ချူအန်ဘန်ကို ရာထူးက ရပ်စဲသင့်ကြောင်း တိုင်ကြားတာဖြစ်ပါတယ်။
တိုင်ကြားမှုကို လက်ခံလိုက်ရုံနဲ့တင် သူတို့နှစ်ဦးဟာ တာဝန်က ဆိုင်းငံ့ခံရမှာဖြစ်ပါတယ်။ အဲဒီနောက် ခုခံချေပလွှာကို ၁၅ ရက်အတွင်း တင်ရမှာဖြစ်ပါတယ်။ အပြစ်ရှိကြောင်း ခုံရုံးက ဆုံးဖြတ်ရင် ရာထူးကပါ ဆင်းပေးရမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ရှေ့နေဖြစ်ခဲ့ဖူးသူ ပီချစ်ကို ဝန်ကြီးချုပ်ရုံးဝန်ကြီး ခန့်အပ်ခဲ့မှုဟာ မူလကတည်းက အငြင်းပွားစရာ ဖြစ်ခဲ့ရပါတယ်။
ပီချစ်ဟာ သက်ဆင်ဘက်ကနေ အမှုလိုက်ပေးတုန်းက လာဘ်ပေးဖို့ ကြိုးစားမှုနဲ့ ထောင်ကျခဲ့ဖူးပါတယ်။
Source/Photo-Reuters