Home
နိုင်ငံတကာ
ထိုင်းတွင် တနေ့တည်း စိတ်ကြွဆေးပြား ၅ သန်းကျော် ဖမ်းမိ 
DVB
·
May 20, 2024
ThaiDrugs_20052024

ထိုင်းနိုင်ငံ ခရိုင်  ၄ ခုမှာ တနေ့တည်း စိတ်ကြွဆေးပြား ၇ သန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေး ၁၅၀ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းမြောက်ပိုင်း အိမ်နီးချင်းနိုင်ငံကလာတဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုတွေဟာ မိုးဦးကျရာသီမှာ ပိုများလာပြီး နေ့စဉ်လို ဖမ်းဆီးရမိနေကြောင်း၊ နခွမ်းဆဝမ်၊ ဆုခိုထိုင်း၊ လမ်းပန်း နဲ့ ချွန်းဖွန်းခရိုင် ၄ ခုကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၇ သန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁၅၀ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့  ဆိုပါတယ်။

မေ ၁၈ ရက်ညက ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်ကနေ ထွက်ခွာလာတဲ့ ကွန်တိန်နာကား ၁ စီးကို မသင်္ကာတာကြောင့် နခွမ်ဆဝမ်ခရိုင် ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှာ အိုက်စ်မူးယစ်ဆေးနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့  ချနယ်လ် ၃ ထိုင်းတီဗွီသတင်းက မေလ ၁၉ ရက်ညမှာ    ထုတ်လွှင့် ပါတယ်။

အဆိုပါကားရဲ့ ဘော်ဒီမှာ ကျောင်းသားလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ နို့ဘူးတွေလို့ ပိုစတာအကြီးကြီးကပ်ထားကြောင်း၊ ဒါပေမဲ့အဲဒီကားဟာ ချင်းမိုင်မှ တာ့ခ်ခရိုင်၊ တာ့ခ်မှ နခွန်းဆဝမ်တင်မက ဆရာပူရီခရိုင်ထိပါ မောင်းသွားဖို့ ဦးတည်နေတာကြောင့် မသင်္ကာဘဲ စစ်ဆေးခဲ့တယ်လို့  မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့  ဒုရဲမှူးကြီး ခီရီဆဒ် သန်သီနဝချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

ကားနောက်ခန်း ကွန်တိန်နာကို ဖွင့်ကြည့်ရာမှာ ရေခဲတွေထဲ နို့ဘူးနဲ့ နို့ထုပ်တွေ မြှုပ်ထည့်လာကြောင်း ကားမောင်းသမားက အစပိုင်းမှာ အသေးစိတ် အစစ်မခံဘဲ ငြင်းဆိုခဲ့တယ်။

အဆိုပါကားကို X-Ray စက်နဲ့ ထပ်မံစစ်ဆေးရာမှာတော့ နို့ဘူးတွေအောက်က အထုတ်ထဲမှာ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁၅၀ ကီလီုဂရမ်နဲ့ စိတ်ကြွဆေးပြား  ၂,၉၀၀,၀၀၀ ကို တွေ့ရှိတယ်။ ဒီမူးယစ်ဆေးတွေဟာ ဘန့်မော်မူးယစ်ဂိုဏ်းကဖြစ်ပြီး ဂိုဏ်းသားအချို့ဟာ မူးယစ်မှုနဲ့ ထောင်ထဲ‌ရောက်နေတယ်လို့ ဆိုပါတယ်။ 

တနေ့တည်းမှာပဲ ဆုခိုထိုင်းမြို့ မယ့်ဆမ်စစ်ဆေးရေးဂိတ်မှာ မသင်္ကာဖွယ် အိမ်စီးကား ဆလွန်းကား ၁ စီး နဲ့ ပစ်ကပ်ကား ၁ စီးပေါ်ကနေ အိတ် ၆ လုံးထဲ ထည့်ပြီး သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၁,၂၀၀ ,၀၀၀  ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ်ဘက်ကနေ လမ်းပန်းခရိုင်ထဲ မောင်းဝင်လာတဲ့ ကား ၁ စီးကို နောက်ယောင်ခံပြီး ထိန်းမြို့နယ် စစ်ဆေးရေးဂိတ်ကနေ စစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၁,၆၀၀,၀၀၀ ကို ထပ်မံဖမ်းမိခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် ခွန်းဖွန်းစစ်ဆေးရေးဂိတ်ကနေ အမျိုးသမီး ၆ ဦးထံမှ စိတ်ကြွဆေး ၁ သန်း ဖမ်းမိခဲ့တယ်၊ မူးယစ်ဆေးတင်တဲ့ကားပေါ်က ၃ ဦးနဲ့ လမ်းပြကားပေါ်က အမျိုးသမီး ၃ ဦးတို့ကို ဖမ်းမိတာဖြစ်ပြီး ထိုင်းအလယ်ပိုင်းကနေ တောင်ပိုင်းနခွန်းဆီထမရတ်ကို ဆက်လက် ပို့ဆောင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

မိုးဦးရာသီမှာ တာဝန်ရှိသူတွေရဲ့  တားဆီးစစ်ဆေးမှု ကင်းလွတ်အောင်  မိုးတွေလေတွေကြား စိတ်ကြွဆေးသယ်ဆောင်မှုတွေ ခပ်စိပ်စိပ်ဖြစ်နေတာလို့   ဒုရဲမှူးကြီး ခီရီဆဒ်က ပြောပါတယ်။ 

ချင်းရိုင်းခရိုင် ဖန်းမြို့နယ် မဲ့ရင်အုပ်စု ပူကိုင်းစစ်ဆေးရေးဂိတ်မှာလည်း မေ ၁၈ ရက် ည ၉ နာရီလောက်က မီးခိုးရောင်ဟိုင်းလပ်စ်ကား ၁ စီးပေါ်ကနေ ၉၉၉ အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၅၀၀,၀၀၀ ကို ဖမ်းမိတယ်လို့ မယ်ဆိုင်ပရက်စ် သတင်းမှာ ဖော်ပြပါတယ်။

ယာဉ်မောင်းဖြစ်သူ  နိုင်းဝိစနု ( ၄၁ နှစ် ) က အဲဒီမူးယစ်ဆေးတွေကို မယ်ဖှာ့လုံမြို့နယ်ကနေ သယ်ဆောင်လာတာလို့ ဖွင့်ဟဝန်ခံထားပါတယ်။

Photo : Maesaipress

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013