Home
မြန်မာသတင်း
ရန်ကုန်တွင် ဘေးတွဲဆိုင်ကယ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးဒဏ်ရိုက်နေ
DVB
·
May 20, 2024
ShwePaukKan Cycle_20052024

ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ ဘေးတွဲဆိုင်ကယ် မောင်းနှင်ခွင့်ကို အုပ်ချုပ်ရေးမှူးတွေက ဒေသလိုင်စင် ပြုလုပ်ပေးထားပေမဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ယာဥ်ထိန်းရဲတွေက ဖမ်းဆီးဒဏ်ရိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ဘေးတွဲမောင်းနှင်သူတွေထံက သိရပါတယ်။

ဘေးတွဲဆိုင်ကယ် မောင်းနှင်သူတွေအနေနဲ့ သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒေသတွင်း မောင်းနှင်ခွင့် လိုင်စင်ကို လစဥ်ကြေးပေးကာ မောင်းနှင်နေကြတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ယာဥ်ထိန်းရဲတွေရဲ့ ဖမ်းဆီးဒဏ်ရိုက်နေတာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မရမ်းကုန်းမြို့နယ်မှ ဘေးတွဲမောင်းနှင်သူတဦးက DVB ကို ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးရုံးမှာ ဆိုက်တွဲမောင်းနှင်ခွင့်ရဖို့ တလကို ၁၈၀၀၀ ပေးပြီး လိုင်စင်လုပ်ရတာ။ အခုလို စစ်တပ်နဲ့ မော်တော်ပီကယ် ပေါင်းပြီး ဖမ်းတာတွေကို သူတို့အနေနဲ့ တာဝန်ယူ ဖြေရှင်းပေးသင့်တာပေါ့။ အဖမ်းခံရရင်တော့ အနိမ့်ဆုံး နှစ်သောင်း သုံးသောင်း ပေးရတာ။ တချို့ရက်တွေဆိုရင် အုံနာကြေးတောင် ပေးဖို့တောင် ခရီးသည် မရဘူး။ မိသားစု စားဝတ်နေရေးအတွက် ခက်ခဲလာတာပေါ့။”

ရန်ကုန်မြို့မှာ ​မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ ရွှေပေါက်ကံ၊ သာကေတ၊ ရွှေပြည်သာနဲ့ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ ဘေးတွဲဆိုင်ကယ်တွေကို အုပ်ချုပ်ရေးမှူးရုံးတွေက ဒေသတွင်း လိုင်စင်တွေ လုပ်ဆောင်ပေးထားပြီး မောင်းနှင်နေကြတာလည်း ဖြစ်ပါတယ်။

ရွှေပေါက်ကံ မြို့သစ်အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတဦးက “ဒီဘက်မှာတော့ ဘေးတွဲဆိုင်ကယ်သမားတွေကို ဒေသတွင်း အသိအမှတ်ပြုတဲ့ သူတို့ရဲ့ ကိုယ်ပိုင်နံပါတ်ပြားနဲ့ အင်္ကျီကို ထုတ်ပေးပါတယ်။ သူတို့ဘက်က လျှောက်လွှာလာတင်ရင်ပေါ့။ ကျနော်တို့ကလည်း လျှောက်လွှာဖိုးနဲ့ ခုနက ပစ္စည်းဖိုးတွေအတွက် ကျပ် နှစ်သောင်း ပြန်ကောက်တာပါ။ ခုနက ဖမ်းတာဆီးတာကျတော့ ကိုယ့်ဟာကိုယ် ရှောင်တိမ်းပြီး မောင်းကြပေါ့” လို့  ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်ထဲရှိ ဒေသတွင်းလိုင်စင်နဲ့ ဘေးတွဲဆိုင်ကယ် မောင်းနှင်သူတွေမှာ လမ်းမပေါ် ဂိတ်ထိုးမောင်းနှင်နေကြကြောင်းနဲ့ ဒေသတွင်းလိုင်စင် မပြုလုပ်ထားသူတွေမှာ ရပ်ကွက်လမ်းကြားတွေထဲ မောင်းနှင်နေကြကြောင်း ဘေးတွဲဆိုင်ကယ် စီးနင်းနေသူတွေထံက သိရပါတယ်။

ရွှေပေါက်ကံမြို့သစ်မှ ဘေးတွဲဆိုင်ကယ်မောင်းသူတဦးက “ကျနော်တို့မှာတော့ လစဥ်ကြေး ပေးရတာ မရှိဘူး။ ရုံးမှာ သွားလျှောက်ပြီး နံပါတ်ပြားနဲ့ အင်္ကျီကို နှစ်သောင်းနဲ့ ဝယ်ခဲ့တာ။ သူတို့ဘက်က မဖမ်းဘူးလို့ အာမခံရင် တလ ဘယ်လောက်ပေးရမလဲ အားလုံးပေးကြမှာ” လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့က မြို့နယ်တချို့မှာ ဘေးတွဲဆိုင်ကယ်တွေကို ည ၈ နာရီ‌ကျော်လွန် မောင်းနှင်တာ တွေ့ရှိပါက ပစ်ခတ်ဖမ်းဆီးသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေကြား ပြောဆိုတာတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013