Home
နိုင်ငံတကာ
ထိုင်ဝမ်သမ္မတသစ် လိုင်ချင်းတယ် ကျမ်းကျိန်
DVB
·
May 20, 2024
LYNXMPEK4J01E_L

ခွဲထွက်ရေးသမားလို့ တရုတ်က ရှုမြင်ထားတဲ့ ထိုင်ဝမ်သမ္မတသစ် လိုင်ချင်းတယ်ဟာ မေ ၂၀ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။

လိုင်ဟာ တိုင်ပေမြို့လယ်မှာရှိတဲ့ ဂျပန်ကိုလိုနီခေတ် သမ္မတရုံးမှာ ကျမ်းကျိန်ခဲ့တာပါ။

သက်တမ်းနှစ်ကြိမ်ဆက် တာဝန်ယူခဲ့တဲ့ သူနဲ့ပါတီတူ အမျိုးသမီးသမ္မတ ဆိုင်အင်းဝမ်ရဲ့ နေရာကို ဆက်ခံရတာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ရဲ့ သမ္မတနေရာ သုံးကြိမ်ဆက် အနိုင်ရမှုဖြစ်ပေမဲ့ လွှတ်တော်မှာတော့ ဘယ်ပါတီကမှ ထက်ဝက်ကျော် ရမထားတဲ့အတွက် ဥပဒေပြုရေးမှာ အခက်အခဲ ရှိလာနိုင်ပါတယ်။

လိုင်ရဲ့ ကျမ်းကျိန်မိန့်ခွန်းမှာ တရုတ်ပြည်မကြီးအပေါ် ပျော့ပြောင်းတဲ့သဘောထားကို ဖော်ပြသွားခဲ့ပြီး နှစ်ဖက်ငြိမ်းချမ်းရေးကို ဦးတည်ကြဖို့ တိုက်တွန်းသွားပါတယ်။

လိုင်ဟာ ထိုင်ဝမ်မျိုးရင်း လိပ်ပြာကို ကိုယ်စားပြုတဲ့ ခရမ်းရောင် နက်ကတိုင်နဲ့ ကျွန်းမှာ အများအပြား ပေါက်ရောက်တဲ့ မုန်ညင်းပင်က အဝါရောင်အပွင့်ကို ကိုယ်စားပြုတဲ့ အဝါရောင် နက်ကတိုင်ပင်ကို ဝတ်ဆင်ခဲ့ပါတယ်။

သမ္မတအာဏာကို ကိုယ်စားပြုတဲ့ တရုတ်သမ္မတနိုင်ငံ တံဆိပ်တော်နဲ့ ဂုဏ်ပြုတံဆိပ်တော်ကို လွှတ်တော်ဥက္ကဋ္ဌဆီက လက်ခံခဲ့ပါတယ်။

ဒီတံဆိပ်တော်နှစ်ခုဟာ တရုတ်ပြည်တွင်းစစ်မှာ ကူမင်တန်တွေ စစ်ရှုံးပြီး ၁၉၄၉ မှာ ထိုင်ဝမ်ကျွန်းကို ဆုတ်ခွာကတည်းက ပါလာခဲ့တဲ့ သမိုင်းဝင်ပစ္စည်း ဖြစ်ပါတယ်။

ထိုင်ဝမ်ဟာ ဒီနေ့အချိန်အထိ တရုတ်သမ္မတနိုင်ငံ (ROC) ဆိုတဲ့ မူလအမည်ကို သုံးစွဲနေဆဲ ဖြစ်ပါတယ်။

စစ်နိုင်တဲ့ မော်စီတုန်းရဲ့ ကွန်မြူနစ်တွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) အမည်နဲ့ ပြည်မကြီးကို အုပ်ချုပ်ခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။

ဒီကနေ့ခေတ် ထိုင်ဝမ်မှာ ကူမင်တန်ပါတီက အတိုက်အခံပါတီဖြစ်နေပြီး သီးခြားနိုင်ငံတခုလို ရပ်တည်နေပေမဲ့  ပြည်မကြီးအစိုးရကတော့ နိုင်ငံအစိတ်အပိုင်းတခုအဖြစ်သာ ဆက်လက် မှတ်ယူထားပါတယ်။

သမိုင်းရဲ့ ကပြောင်းကပြန်ဖြစ်မှုကတော့ တချိန်က ကွန်မြူနစ်ပါတီနဲ့ စစ်ခင်းခဲ့တဲ့ ကူမင်တန်ပါတီဟာ လက်ရှိမှာ ပြည်မကြီးနဲ့ ဆက်ဆံရေးကောင်းတဲ့ အင်အားစု ဖြစ်နေပါတယ်။

သမ္မတဟောင်း ဆိုင်နဲ့ သမ္မတသစ် လိုင်တို့ရဲ့ DPP ပါတီကမှ ပြည်မကြီးကွန်မြူနစ်တွေနဲ့ အဆင်မပြေတဲ့အင်အားစု ဖြစ်လာပါတယ်။

Source/Photo-REUTERS/Carlos Garcia Rawlins

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013