ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင် ပြုလုပ်ရာမှာ လဝကရုံးက ငွေကျပ် ၁ သိန်းအထိ တောင်းယူနေတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ မှတ်ပုံတင်ပြုလုပ်သူတွေက ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံတွေဟာ မှတ်ပုံတင်ပြုလုပ်တဲ့အခါ လဝကရုံးက ငွေမပေးမချင်း လိုအပ်တဲ့ အထောက်အထားတောင်းပြီး အနည်းဆုံး ငွေကျပ် ၁ သိန်းပေးမှ အဆင်ပြေပြေ လုပ်ပေးတယ်လို့ မော်လမြိုင်ကျွန်းမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
“ပြည်သူတွေကို နှိပ်စက်လို့ကို မဝကြတော့ဘူး။ ပုံစံအမျိုးမျိုးနဲ့ကို ငွေညှစ်တာ၊ မှတ်ပုံတင်လုပ်မယ်ဆိုရင် သန်းခေါင်စာရင်း မူရင်း/မိတ္တူ၊ မွေးစာရင်း၊ မိဘနှစ်ပါး မှတ်ပုံတင်၊ သွေးစစ်လက်မှတ်၊ ရပ်ကွက်ထောက်ခံစာ ပါရတယ်။ ဒါတွေအစုံမပါဘူးဆို လုပ်မပေးဘူး။ မိဘတယောက် မှတ်ပုံတင်ပျောက်နေတာဖြစ်ဖြစ်၊ ပျက်စီးနေတာပဲဖြစ်ဖြစ် ဒါဆို လဝကအတွက် ငွေညှစ်ဖို့ ခွင်ပဲ။ ငွေမပေးရင် အဘိုးအဘေးတွေပါ လိုက်မေးသေးတာ။”
လဝကရုံးနဲ့နီးစပ်တဲ့ ဝန်ထမ်းဟောင်းတဦးက “ပန်းခင်းစီမံချက်နဲ့ မှတ်ပုံတင်တွေကို အခမဲ့ လုပ်ပေးနေတယ်လို့ ကြေညာနေပေမဲ့ အဆင်ပြေပြေ ငွေသိန်းချီမပေးရဘဲ ပြည်သူတွေ မှတ်ပုံတင်မရဘူးလို့ သိရတယ်။ မော်လမြိုင်ကျွန်းမြို့နယ်က လဝကရုံးက နာမည်ဆိုးနဲ့ ကျော်ဇောနေတာ ကြာပြီ။ တောင်းတဲ့ငွေပမာဏအတိုင်း မပေးရင် ဘော်လီဘောပုတ်ပြီး အချက်အလက်တွေ လိုပါတယ်ဆိုပြီး ဟိုဌာနလွှတ်လိုက် ဒီဌာနလွှတ်လိုက် လုပ်တော့တာပဲ” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ဒေသခံတွေအနေနဲ့ မှတ်ပုံတင်အသစ်လုပ်ရာမှာ ငွေပေးနေရတဲ့အပြင် သက်ပြည့်မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကတ် ပြန်လဲလှယ်ရာမှာလည်း အနည်းဆုံး ငွေကျပ်တသိန်းအထိ ပေးနေရပြီး မပေးရင်လည်း မရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အိမ်ထောင်စုစာရင်း အတိုးအဆုတ် အသစ်လုပ်တဲ့အခါမှလည်း ငွေကျပ် ၃၅,၀၀၀ ကနေ ၄၀,၀၀၀ တောင်းတာတွေရှိနေပြီး မှတ်ပုံတင်ပျောက်ဆုံးလို့ ပြန်လည်ပြုလုပ်ရာမှာ ဌာနတခုနဲ့တခု လွှဲပြောင်းပေးနေပြီး အချိန်ကြန့်ကြာတဲ့အတွက် အခက်အခဲ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်အာဏာမသိမ်းခင်အချိန်က မှတ်ပုံတင်လုပ်တဲ့အခါ ငွေပေးရတာတွေ ရှိပေမဲ့ အခုလို သိန်းချီပေးရတာ မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
Photo - Min Min / တော်ဝင်