Home
မြန်မာသတင်း
တောင်ပုလစေတီတော်တွင် ဒူးရင်းသီး စတုဒိသာပွဲတော် ကျင်းပမည်
DVB
·
May 20, 2024
Durian03_20052024

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ပိတ်ချင်းမြှောင်လိုဏ်ဂူအနီးရှိ တောင်ပုလစေတီတော်မှာ လာမယ့် မေ ၂၅ ရက်၊ မနက် ၉ နာရီခွဲက စတင်ပြီး ဒူးရင်းသီး စတုဒိသာပွဲတော် ကျင်းပသွားမယ်လို့ စေတီတော် ဂေါပကအဖွဲ့ထံက သိရပါတယ်။

အဲဒီစတုဒိသာပွဲကို တောင်ပုလဆရာတော်က ဦးစီးကျင်းပ​တာဖြစ်ပြီး ဘုရားဖူးလာရောက်တဲ့ ဧည့်သည်တွေအနေနဲ့ ဝဝလင်လင် စားသုံးနိုင်ဖို့ ကျင်းပရတာဖြစ်​တယ်လို့ ဂေါပကအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဘရားဖူးတွေကို ဒူးရင်းသီးအဝကျွေးဖို့ မနှစ်တုန်းကစပြီး ဆရာတော် ဦးဆောင်မှုနဲ့ လုပ်ခဲ့ကြတာ။ ဒီနှစ်ကတော့ ပိုပြီးထူးခြားတာပေါ့၊ နိုင်ငံကျော်တေးသံရှင်တွေရဲ့ ရှိုးပွဲလည်း ပါသလို သစ်ပင်စိုက်ပွဲပါ လုပ်ဖို့ စီစဥ်ထားပါတယ်။”

ပြီးခဲ့တဲ့နှစ်ကလည်း တောင်ပုလစေတီ တောင်ပေါ်မှာ ဘုရားဖူးလာရောက်သူတွေကို ဒူးရင်းသီး အလုံး ၇၀၀ ကျော် ကျွေးမွေးလှူဒါန်းခဲ့ကြောင်းနဲ့ အခုနှစ်မှာလည်း ဒူးရင်းသီး အလုံး ၃,၀၀၀ ကျော်ကို စတုဒိသာ လှူဒါန်းကျွေးမွေးသွားမှာဖြစ်ကြောင်း ဂေါပကအဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

“ပထမအကြိမ်ပွဲတော်မှာ ဒူးရင်းသီး စတုဒိသာ အလှူသာ ပါဝင်ခဲ့ပြီး အခု ဒုတိယအကြိမ်မှာ သစ်ပင်စိုက်ပွဲတော်ကိုပါ ထည့်သွင်းထား​ပါတယ်” လို့ တောင်ပုလဆရာတော် အရှင်ပညာဘောဂက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် မိန့်ကြားထားပါတယ်။

ဒါ့အပြင် သစ်ပင်စိုက်ပျိုးပွဲတော်ကိုပါ ထည့်သွင်းကျင်းပမှာဖြစ်ပြီး ခရေ၊ ကံ့ကော်၊ ငုဝါ၊ ပိတောက်၊ ကညင်၊ အင်ကြင်း၊ မဟော်ဂနီ အပါအဝင် အပင်ပေါင်း ၆,၀၀၀ ကျော်ကို စိုက်ပျိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013