Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ၊ ကျေးရွာ ၇ ရွာက ဒေသခံများကို ပြောင်းရွှေ့
DVB
·
May 20, 2024
IndonesiaVolcano_20052024

အင်ဒိုနီးရှားနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ဟာမက်ဟီရာကျွန်းပေါ်မှာ မီးတောင်တခု အံ့မခန်း ပေါက်ကွဲထွက်ပြီး မီးခိုးတိမ်တိုက်တွေ ကောင်းကင်ယံဆီ လွင့်တက်သွားခဲ့လို့ အနီးနား ရွာ ၇ ရွာကနေ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အာဏာပိုင်တွေက မေ ၁၉ ရက်မှာ ပြောပါတယ်။

အီဘူမီးတောင်ဟာ မေ ၁၈ ရက် ညပိုင်းမှာ ပေါက်ကွဲခဲ့ပြီး မီးတောင်အူကြောင်းရဲ့ အဝတဝိုက်မှာ ခရမ်းရောင်လျှပ်စီးကြောင်းတွေ ပေါ်ခဲ့တာပါ။

မီးတောင်ပြာတွေဟာ ကောင်းကင်မှာ ၂ မိုင်ခွဲအမြင့်ထိ လွင့်တက်ခဲ့တယ်လို့ အင်ဒိုနီးရှား မီးတောင်အေဂျင်စီက မျှဝေထားတဲ့ သတင်းနဲ့ ဓာတ်ပုံတွေက ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့တဖွဲ့က အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီက အဗ္ဗဒူ မူဟာရီက သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လူအရေအတွက် ဘယ်လောက် ရွှေ့ပြောင်းခံရတယ်ဆိုတဲ့ သတင်းအချက်အလက် တစုံတရာ မဖော်ပြထားပေမဲ့ မီးတောင်ပတ်လည် ၄ ဒသမ ၃၅ မိုင် အချင်းဝက်ကို ရှင်းလင်းထားဖို့ အာဏာပိုင်တွေက အကြံပြုထားပါတယ်။

အီဘူမီးတောင်ဟာ အခုလအစောပိုင်းက အကြိမ်ပေါင်းများစွာ ပေါက်ကွဲခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှား မီးတောင်အေဂျင်စီက မီးတောင်အတွက် သတိပေးချက်အဆင့်ကို မေ ၁၆ ရက်မှာ အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ခဲ့ပါတယ်။

ကမ္ဘာ့ကျောက်လွှာပြတ်ရွေ့တွေ စုဆုံရာ ပစိဖိတ် ‘မီးကွင်း’ ကြီးပေါ်မှာ တည်ရှိပြီး မီးတောင်အရှင် ၁၂၇ လုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မတူညီတဲ့ မီးတောင်တွေ ဆက်တိုက် ပေါက်ကွဲပြီးတဲ့နောက် ဆက်တိုက်အနေနဲ့ အီဘူမီးတောင် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013