Home
ဆောင်းပါး
တော်လှန်ရေး နှစ်ဖက်စလုံးအတွက် အရေးကြီးဆုံးအဆင့် ရောက်ရှိ
DVB
·
May 20, 2024
ArticleHlaSoeWai_20052024

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထွာသည် မကြာမီက ကချင်လွတ်လပ်ရေးအဖွဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ရှမ်းလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်ဆိုသော VOA သတင်းအား ထိုင်းအစိုးရဘက်မှ အတည်ပြုခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး မာရိစ် ဆမ်ဂီရမ်ပေါင်းက ယင်းသည် ၎င်း၏ ပုဂ္ဂိုလ်ရေး အလွတ်သဘော တွေ့ဆုံခြင်းဖြစ်ကြောင်းနှင့် ထိုင်းအစိုးရ၏ ပေါ်လစီနှင့် သက်ဆိုင်ခြင်းမရှိဟု ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုတွေ့ဆုံခဲ့မှုများသည် စစ်အာဏာပိုင်များ မြဝတီကို လက်လွှတ်ခဲ့ရပြီးနောက် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိ အထက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဟွန်ဆန်သည် မေလ ၇ ရက်နေ့တွင် မင်းအောင်လှိုင်နှင့် လက်ရှိအခြေအနေများအပေါ် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ၎င်းအနေဖြင့် လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား အွန်လိုင်းမှ တွေ့ဆုံနှုတ်ဆက်လိုကြောင်း ပြောခဲ့သည်ဟု ဖနွမ်းပင်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

လက်ရှိတွင် မြဝတီ အပါအဝင် နိုင်ငံအတွင်းရှိ အခြား မဟာဗျူဟာကျသော နယ်မြေများတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေ၍ သုံးနှစ်ကျော် ကြာလာခဲ့ပြီဖြစ်သည့် ပဋိပက္ခသည် မည်သို့ မည်ပုံ ထွက်ပေါ်လာတော့မည်ကို အဆုံးအဖြတ်ပေးမည့်အဆင့် ရောက်လာတော့မည်ဟု စင်ကာပူ၏ အစိုးရအာဘော်တပိုင်းဖြစ်သည့် စထရိတ်တိုင်းမ် သတင်းစာတွင် ရေးသားခဲ့သည်။

မိုးရာသီ ဝင်ရောက်လာပြီဖြစ်၍ စစ်တပ်၏ လေကြောင်းအားသာနေမှု လျော့ကျသွားဖို့ရှိနေပြီး နိုင်ငံအရှေ့တောင်ပိုင်း၊ အနောက်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စစ်မျက်နှာမျိုးစုံ ဖွင့်တိုက်နေရသည့် စစ်ကောင်စီတပ်များအတွက် အခက်အခဲများ ကြုံလာရဖွယ် ရှိနေသည်ဟု ဆိုသည်။

အချို့နယ်မြေများအား စစ်ကောင်စီအနေဖြင့် မိုးမဝင်ခင် တိုက်ခိုက်သိမ်းပိုက်နိုင်မှ ဖြစ်ပေမည်။ ၎င်းတို့အတွက် မဟာဗျူဟာမြောက် ရည်မှန်းချက်အဖြစ် သိမ်းယူမှရမည့် လွန်စွာ အရေးပါသော နယ်မြေများ ရှိနေသည်ဟု ဝါရှင်တန် အမျိုးသားစစ်ကောလိပ်ရှိ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဇါခါရီ အဘူဇာက ထောက်ပြခဲ့သည်။

ထိုင်းအရာရှိကြီးတဦးနှင့် သံတမန်သတင်းရပ်ကွက်တခုမှ လက်ရှိ စစ်ရေးအခြေအနေကို သုံးသပ်ရာတွင် ရှေ့လာမည့် ၆ လအတွင်း စစ်တပ်သည် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အိန္ဒိယ၊ တရုတ် တို့နှင့် ထိစပ်နေသော နယ်မြေများရှိ စစ်စခန်းများအားလုံး လက်လွှတ်ရတော့မည်ဟု ဆိုသည်။

ထို့အတွက် စစ်တပ်သည် ၎င်းတို့ရှိ အရင်းအမြစ်များကို စုစည်းပြီး အဓိကကျသည့် နေရာများကို ဦးစားပေး ထိုးစစ်ဆင်လာဖွယ် ရှိနေသည်။ လောလောဆယ်တွင် စစ်ကို မျှင်းတိုက်နိုင်သည့် အနေအထား ရှိနေသော်လည်း ရေရှည်လုပ်သွားနိုင်ဖို့က အစွမ်းမရှိဟု ဘန်ကောက်ရှိ ဒေသရေးရာ လေ့လာသုံးသပ်သူ သီတီနန် ပွန်ဆူဒီရတ်က ပြောသည်။

စစ်မြေပြင်တွင် ဆက်တိုက်ဆိုသလို အရေးနိမ့်လာနေမှုများ၊ ပို၍ ရဲတင်းလာနေသော တော်လှန်ရေးတပ်များနှင့် လူထုထောက်ခံမှု မရရှိမှုများကြောင့် ရှေ့လျှောက် အခြေအနေများသည် ၎င်းတို့အတွက် ခက်ခဲပြီး သက်သာလာဖွယ်မရှိ ဆိုသည့် လက္ခဏများ အထင်အရှား ပြလာနေပြီဖြစ်သည်ဟု ထောက်ပြသွားခဲ့သည်။

မြဝတီကို ပြန်သိမ်းရန်ဆိုက တရွေ့ရွေ့ ချဉ်းကပ်လာနေသော စစ်ကောင်စီ၏ ထိုးကျွေးခံတပ်များနှင့် နေ့စဉ်လို တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိနေသည်။

မြဝတီ၏ အနောက်ဘက် မိုင် ၆၀၀ ခန့်အကွာရှိ ရခိုင်ပြည်နယ်ဘက်တွင်လည်း ရက္ခိုင့်တပ်တော်သည် ၎င်းတို့၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့ကို သိမ်းယူနိုင်ရန် ထိုးစစ်ဆင်လျက် ရှိနေသည်။

အရှည် ၄၉၁ မိုင်ရှိ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းသည် အမ်းမြို့ကို ဖြတ်သွားသည့်အပြင် ဓာတ်ငွေ့များကို မောင်းနှင် ပို့လွှတ်ပေးနေသည့် ပန့်များထားရှိရာ စခန်းကြီးလည်း မြို့အနီးတွင် ရှိနေ၍ စစ်ကောင်စီသည် ကျားကုတ်ကျားခဲ ခုခံဖို့ရှိနေသည်။

နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ ICG ၏ မြန်မာ့အရေး တာဝန်ခံ ရစ်ချတ် ဟို‌စေးက ၎င်းတို့အတွက် အဓိကအားသာသည့် လေကြောင်းပစ်ကူသည် မိုးရာသီနှင့်အတူ မိုးတိမ်များ ထူထပ်လာ၍ အထိန်းအကွပ်မရှိ ပစ်ခတ်နေမှုများကို ထိခိုက်လာတော့မည် ဖြစ်သည်ဟု ဆိုသည်။ ရဟတ်ယာဉ်များအတွက်လည်း တပ်များ သယ်ယူပို့ဆောင်ရေး၊ အဝိုင်းခံနေရသော စစ်စခန်းများအတွက် ရိက္ခာချပေး‌ရေးနှင့် လေကြောင်းပစ်ကူများအတွက် အန္တရာယ်ပိုများပြီး ခက်ခဲလာတော့မည် ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် လများအတွင်း စစ်ကောင်စီတပ်များသည် လက်နက်ခဲယမ်း၊ ရေ၊ ရိက္ခာနှင့် ဆေးဝါးများ ပံ့ပိုးပေးနိုင်ခြင်း မရှိတော့၍ စိတ်ဓာတ်များပြိုလဲကာ အစုလိုက် အပြုံလိုက် လက်နက်ချခြင်းများ ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်ပေသည်။

မိုးရာသီသည် တော်လှန်ရေးတပ်များအတွက် အားသာချက် ဖြစ်လာနေသော်လည်း ၎င်းတို့အကြား ညှိညှိနှိုင်းနှိုင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိက အောင်ပွဲများ ရလာသည်က လွဲ၍ မည်သို့မျှ ထူးလာမည်မဟုတ်ဟု သုတေသီများက သုံးသပ်လျက်ရှိသည်။

သေနင်္ဂဗျူဟာမြောက် ညှိနှိုင်း ဆောင်ရွက်သွားနိုင်ဖို့သည် အချိန်ယူရဦးမည် ဖြစ်သော်လည်း ယင်းသည် တော်လှန်ရေး၏လားရာကို အဆုံးအဖြတ်ပေးမည့် အဓိကအကြောင်းခြင်းရာ ဖြစ်သည်ဟု အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု USIP ၏ မကြာမီက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရ ဦးကျော်ဇော်က စစ်ကောင်စီသည် မြို့ကြီးများကို ထိန်းချုပ်ထားနိုင်သည် ဆိုသော်လည်း ကျီးလန့်စာစား အနေအထားမျိုးရောက်အောင် ခြိမ်းခြောက်ခံနေရသည်ဟု ပြောကြောင်း စထရိတ်တိုင်းမ် သတင်းစာမှ ရိုက်တာသတင်းကို ကိုးကား ဖော်ပြထားသည်။

ဧရာဝတီသတင်းအရ ကချင်လွတ်လပ်ရေးတပ်နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး မံစီ၊ မိုးမောက်နှင့် ဧရာဝတီမြစ်ကူးတံတားရှိရာ စင်းခန်းရွာသို့ ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်ဟု သိရသည်။ လက်ရှိတွင် မံစီနှင့် မိုးမောက်မြို့မ ရဲစခန်းများကို သိမ်းယူနိုင်ခဲ့ပြီးဖြစ်သည်ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုခဲ့သည်။

ယခုအခါ ဒေသ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ အမှတ် ၁၂ အခြေစိုက်ရာ ဗန်းမော်မြို့ကို သိမ်းပိုက်ရန် ဦးတည်နေပြီး မြစ်ကြီးနား၊ ပူတာအို၊ ဖားကန့်ကို ပိတ်ဆို့ထားသည့် သေနင်္ဂဗျူဟာမြောက် စစ်ဆင်ရေး ပုံပေါ်လာနေပြီ ဖြစ်သည်ဟု စစ်ရေးလေ့လာသုံးသပ်နေသူ တဦးက မှတ်ချက်ချခဲ့သည်။

စစ်ကောင်စီသည် ယခင်က ၎င်းတို့ တသက်လုံး တဖွဖွပြောခဲ့သည့် တံတားဖျက်၊ မိုင်းထောင်၊ လူပြန်ပေးဆွဲ ဆိုသည့် သောင်းကျန်းသူများဘဝ ရောက်နေရှာပြီ ဖြစ်သည်။

ဘူးသီးတောင်ရှိ စကခ ၁၅ အပါအဝင် တပ်ရင်းဌာနချုပ် ၅ ခုအား ရက္ခိုင့်တပ်တော်က သိမ်းပိုက်အပြီး မြို့အဝင် တံတားကြီးအား စစ်ကောင်စီတပ်များက တနင်္လာနေ့က ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်သည်ကို ပုံတွင် တွေ့နိုင်မည်ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024