ချင်းပြည်နယ်၊ ကျီခါးမြို့ကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး တွန်းဇံမြို့ကိုလည်း အပြီးသတ်သိမ်းနိုင်ဖို့ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရက DVB ကို ပြောပါတယ်။
ကျီခါးနဲ့ တွန်းဇံမြို့တွေရှိ စစ်ကောင်စီတပ်စခန်းတွေကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက မေ ၁၅ ရက်မှာ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ကျီခါးမြို့ကို မေ ၁၉ ရက်မှာ အပြီးသတ်သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
တွန်းဇံမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကိုလည်း ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းနိုင်ခဲ့ပြီးဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ လက်ကျန်အင်အားစုတွေဟာ မြို့တွင်းကနေ ခုခံနေတဲ့အတွက် ရှင်းလင်းရေးတွေလုပ်နေကာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ပစ်ကူပေးနေပြီး မေ ၁၉ ရက် တနေ့တည်းမှာတင် ၁၀ ကြိမ်လောက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဆလိုင်းထက်နီက “၁၅ ရက်နေ့ကနေ စတင်တဲ့ တွန်းဇံအခြေစိုက် ၂၆၉ တပ်စခန်းနဲ့ တွန်းဇံထဲမှာရှိတဲ့ ကျီခါးမြို့အခြေစိုက် တပ်စခန်းကို ကျနော်တို့ တချိန်တခါတည်း သိမ်းလိုက်တယ်ပေါ့။ ကျီခါးကတော့ စစ်ကောင်စီတပ်တွေ ကျီခါးမြို့ပေါ်ကနေ ကင်းစင်သွားပြီလို့ ပြောလို့ရတယ်။ တွန်းဇံက သူတို့တပ်ကုန်းရော ရဲစခန်းရော အားလုံးသိမ်းပြီးပြီ၊ မြို့ထဲမှာ သူတို့က နေရာကောင်းတဲ့နေရာမှာ ဝင်ခိုနေတယ်။ ကျနော်တို့ ရှင်းလင်းရေးလုပ်နေတယ်။ အဓိကအခက်အခဲက လေကြောင်းက ၉ ကြိမ် ၁၀ ကြိမ် လာပစ်သွားတယ်။ မြို့ထဲရှင်းလင်းရေးမှာ အခက်အခဲ နည်းနည်းတွေ့နေတယ်” လို့ ပြောပါတယ်။
တွန်းဇံနဲ့ ကျီခါး စစ်ဆင်ရေးတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ချင်းပြည်အစိုးရ ဖွဲ့စည်းပြီးနောက်ပိုင်း ချင်းကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်တဲ့ ပထမဆုံး စစ်ဆင်ရေးဖြစ်ပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ စုစည်းမှုအား ကောင်းကောင်းနဲ့ စစ်ဆင်ရေးအောင်မြင်အောင် လုပ်နိုင်ခဲ့တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ဆလိုင်းထက်နီက “ချင်းလန်းကောင်စီ ချင်းပြည်အစိုးရ ပေါ်လာပြီးနောက်ပိုင်း ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်တဲ့ စစ်ဆင်ရေး ဖြစ်တဲ့အတွက် ချင်းအမျိုးသားတပ်မတော် အပါအဝင် တော်လှန်ရေးတပ်တွေ ပါတယ်။ ပထမဦးဆုံး ချင်းပြည်ကောင်စီအစိုးရရဲ့ ပွဲဦးထွက် မြို့သိမ်းစစ်ဆင်ရေးလို့ ပြောလို့ရပါတယ်။ အဲဒီစစ်ဆင်ရေးမှာ ကာကွယ်ရေးတပ်ဖွဲ့အားလုံး ၁၄ ဖွဲ့ စုစုစည်းစည်းနဲ့ ပူးပေါင်းပြီး ပထမဆုံး စစ်ဆင်ရေး အောင်မြင်နိုင်ခဲ့တာ။ ကျနော်တို့ဘက်က စုစည်းမှုအားကောင်းတယ်။ အမိန့်စီးဆင်းမှုလည်း အားကောင်းတယ်။ အဲဒါကြောင့် ခုလိုဝင်သိမ်းနိုင်တာဖြစ်တယ်” လို့ ပြောပါတယ်။
ကျီခါးမြို့ဟာ အိန္ဒိယနဲ့ထိစပ်နေတဲ့ နယ်စပ်မြို့ဖြစ်ပြီး နောက်ထပ် နယ်စပ်မြို့ဖြစ်တဲ့ ရိခေါဒါရ်မြို့ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလမှာ ချင်းအမျိုးသားတပ်မတော်က ထိန်းချုပ်ထားပါတယ်။
ချင်းပြည်နယ်ထဲမှာ ချင်းတော်လှန်ရေးတပ်တွေက ၉ မြို့အထိ ထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။
မြတ်ကြီး