ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို လေလံတင်ရာမှာ လေလံဆွဲသူကို ခြံဝင်းထဲဝင်ကြည့်ခွင့်ပေးဖို့အပါအဝင် အချက် ၃ ချက်ကို ဦးအောင်ဆန်းဦးရဲ့ရှေ့နေက တရားရုံးမှာ အဆိုပြုထားပြီး နောက်ရုံးချိန်းမှာ ကြားနာသွားဖို့ရှိနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို စစ်ကောင်စီက ပထမအကြိမ်လေလံတင်ရောင်းစားဖို့ကြိုးစားတာမှာ မအောင်မြင်တာကြောင့် ဒုတိယအကြိမ် လေလံတင်ဖို့ လုပ်ဆောင်နေတာပါ။
ဒီအချိန်မှာ လေလံဆွဲသူကို ခြံဝင်းထဲဝင်ကြည့်ခွင့်ပေးဖို့၊ ခြံဝင်းထဲမှာပဲ လေလံပစ်ဖို့နဲ့ လေလံမတင်ခင် သတင်းစာတွေကနေ ကြော်ငြာဖော်ပြဖို့ စတဲ့အချက်သုံးချက်ကို ဦးအောင်ဆန်းဦးရဲ့ရှေ့နေက မေ ၁၅ ရက်နေ့ ရုံးချိန်းတုန်းက နှုတ်နဲ့ အဆိုပြုခဲ့တာပါ။
ကမာရွတ်ခရိုင်တရားရုံးက ဒီအဆိုပြုချက် ၃ ခုကို လာမယ့် မေ ၂၃ ရက်နေ့ ရုံးချိန်းမှာ စာနဲ့ တင်သွင်းဖို့ ပြန်လည်ပြောဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
တရားရုံးနဲ့နီးစပ်သူတဦးက "အမေစုအိမ်က ၂၃ ရက်နေ့ ပြန်ရုံးချိန်းချိန်းထားတယ်။ သူတို့က တရားရုံးကိုတင်ပြတယ်။ ၁၅ ရက်နေ့ ရုံးချိန်းက ဘာတင်ပြလဲဆိုတော့ ခြံဝင်းထဲကို လေလံဆွဲမယ့်သူတွေကို ဝင်ကြည့်ခွင့်ပေးဖို့၊ နောက်ပြီးတော့ လေလံပစ်တဲ့အခါမှာလည်း ခြံဝင်းထဲမှာပဲပစ်ပေးဖို့၊ နောက် သတင်းစာကြော်ငြာထည့်ပေးဖို့ဆိုပြီးတော့ အဲ့လို တဖက်က ဦးအောင်ဆန်းဦးရှေ့နေက ပြောတာကိုး။ တရားသူကြီးကပြောတာကတော့ အဲ့လိုပေါ့ကွာ နှုတ်နဲ့တင်ပြလို့မရဘူး၊ စာနဲ့တင်ပြပါလို့ပြောလိုက်တာပေါ့။ ၂၃ ရက်နေ့ကြရင် အဲ့ဒါတင်ပြမှာပေါ့၊ ကြမ်းခင်းဈေးက သူ ဘာမှမပြောသေးဘူးဗျ။"
တရားရုံးအသိုင်းအဝိုင်းမှာတော့ ဦးအောင်ဆန်းဦးက ခြံအမှတ် ၅၄ ကို အမြန်လေလံတင်ပြီး ရောင်းချနိုင်အောင် ကြမ်းခင်းဈေးကို လျှော့ချသတ်မှတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ကမာရွတ်ခရိုင်တရားရုံးက ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၃ သိန်းကျော် (ဒေါ်လာသန်း ၉၀ ဝန်းကျင်) ကြမ်းခင်းဈေးသတ်မှတ်ခဲ့ပြီး ဒီကြမ်းခင်းဈေးဟာ တရားပြိုင် ဦးအောင်ဆန်းဦးရဲ့ အဆိုပြုချက်တခုတည်းအပေါ်ကိုသာ တည်မှီဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဥပဒေအကြံပေး ဦးခင်မောင်မြင့်က "ကိုယ်အဆိုပြုခဲ့တဲ့ကြမ်းခင်းဈေးကို ပြန်ပြီးတော့ လေလံ မအောင်လို့ ကြမ်းခင်းဈေးပြန်လျှော့ပေးပါ ဆိုတာကsတော့ သူ့မှာ အဲ့ဒီလို လျှောက်ထားပိုင်ခွင့်ရှိသော်လည်းပဲ တရားရုံးအနေနဲ့ ဆင်ခြင်စဉ်းစားတဲ့အခါတော့ အောင်မြင်နိုင်ခြေ မရှိဘူးပေါ့။ လေလံကတော့ ပထမတကြိမ် မအောင်ဘူးဆို သင့်တော်တဲ့ ကာလတရပ်မှာ လုံခြုံရေးအစောင့်အရှောက်တောင်းပြီး တရားရုံးကတော့ ဆက်ပြီးလုပ်မှာ ပဲလေ။ မအောင်မြင်ဘူးဆိုတဲ့အခါကြမှ ဘယ်လိုဆောင်ရွက်မလဲပေါ့၊ ပြန်ညှိကြရမှာပေါ့။ ညှိပြီးမှ တရားရုံးက လိုအပ်တဲ့လုပ်ငန်းအစီအစဉ်တွေ ဆက်လုပ်ကြရမှာပေါ့။ တကြိမ်လေလံ ကြမ်းခင်းဈေးမအောင်တာနဲ့ ကြမ်းခင်းဈေးကိုလျှော့ချပြီးတော့ မဖြစ်မနေရောင်းရမယ်ဆို တာကြတော့ တဖက်ကလည်း တင်ပြစရာတွေရှိတယ်လေ။ သူ့ဘက်ကလည်း ကန့်ကွက်ရင် လည်း ကန့်ကွက်မှာပေါ့။ လေလံ မအောင် အောင်အောင် လျှော့ချမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်စရာအကြောင်းတွေဖြစ်လာမှာပဲ။ အဲ့ကြရင်တော့ တရားရုံးနောက်ထပ်လေလံတင်ရင်တော့ ၂ ယောက်ရဲ့ ရှေ့နေတွေနဲ့ခေါ်ယူတွေ့ဆုံပြီးတော့ ဘာဆက်လုပ်မလဲ ဆိုတာ စဉ်းစားရမှာပေါ့”လို့ ပြောပါတယ်။
မတ် ၂၀ ရက် ပထမအကြိမ်လေလံပွဲတုန်းက သတ်မှတ်ကြမ်းခင်းဈေးအတိုင်း လေလံဆွဲမယ့်သူ မရှိတာကြောင့် လေလံပွဲမအောင်မြင်ဘဲ ခြံအမှတ် ၅၄ ကို နောက်တကြိမ် လေလံတင်ဖို့ ရက်ရွှေ့ဆိုင်းခဲ့တာပါ။
အမွေစားအမွေခံ ဇာရီအမှုတွေမှာ အမွေပစ္စည်းကို လေလံတင်မယ်ဆိုရင် ကြမ်းခင်းဈေးကို တရားပြိုင်နှစ်ဖက်စလုံးက အဆိုပြုချက်တွေတင်သွင်းပြီး သင့်လျော်တဲ့ဈေးနှုန်းကို တရားရုံးက သတ်မှတ်ပေးရတာဖြစ်ပါတယ်။
လတ်တလောအခြေအနေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့နေအဖွဲ့နဲ့ တွေ့ခွင့်မရသေးသလို ကြမ်းခင်းဈေးသတ်မှတ်ရာမှာလည်း ပါဝင်ဆောင်ရွက်နိုင်မှုမရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ဒီအမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်ကို ပြင်ဆင်ချက်တင်သွင်းထားပေမဲ့ ကမာရွတ်ခရိုင်တရားရုံးက ဒုတိယအကြိမ် လေလံတင်ဖို့အရေးကိုပဲ ဦးစားပေးစီစဉ်ကြားနာနေတာ ဖြစ်ပါတယ်။
သုတချမ်းသာ